
၂၅.၃.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ မကြာခင် ရုံတင်ပြသမယ့် “သူတော်တစ္ဆေ”ရုပ်ရှင်ဇာတ်ကားကြီးမှာ ရည်းစားနဲ့ကွဲထားတဲ့ အပျိုကြီး အမရာမောင်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်လို့ ဆိုပါတယ်။


“ဒီဇာတ်ကားကြီးမှာ အမပါဝင်တဲ့ ဇာတ်ရုပ်က ရည်းစားနဲ့ကွဲထားတဲ့ အပျိုကြီး အမရာမောင်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ရည်းစားဟောင်းနဲ့ ပြန်ဆုံပြီးတော့ သရဲခြောက်တယ်ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ ၂ ည ပိတ်မိထားခဲ့တဲ့ အကြောင်းလေးတွေ ပါပါတယ်။ ရည်းစားဟောင်းကလည်း ထွန်းထွန်းပေါ့နော်။ သူ့နဲ့အဝေးပြေးကားပေါ်မှာ ပြန်ဆုံပြီးတော့ အဝတ်အိတ်ချင်းမှားရာကနေ အမနောက်က ပါလာတာပေါ့နော်။ ကိုယ့်ဦးလေးရှိတဲ့ ဘုန်းကြီးကျောင်းကို သွားရာကနေ သူတော်တစ္ဆေခြောက်တဲ့ ဘုန်းကြီးကျောင်းမှာ ပိတ်မိခဲ့ကြတာပေါ့နော်” လို့ သရုပ်ဆောင် မျိုးစန္ဒီကျော်က ပြောပါ တယ်။
Indra Film Production ရဲ့ ဇာတ်ကားကို ဇာတ်ညွှန်းပိုင်း ကိုအောင်ကြီးရေးသားပြီးတော့ ဇာတ်လမ်းနဲ့ ဒါရိုက်တာအနေနဲ့ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က အနုပညာအလုပ်တွေ ကျန်းမာရေးကြောင့် ရပ်နားထားမှု ၈ နှစ်ကြာမှ ပုဂံဘက်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိတဲ့ ဘုန်းကြီးကျောင်းအိုကြီးမှာ ပြန်လည်ရိုက်ကူး ပုံဖော်ထားတယ်လို့ သိရပါတယ်။

“အမရဲ့ အနုပညာသက်တမ်းမှာ ကိုအောင်ကြီးရေးတဲ့ ဇာတ်ညွှန်းကို ပြောခဲ့ရတဲ့ အမှတ်တရကားလို့လည်း ပြောလို့ရပါတယ်။ ဒီကားကတော့ ပရိသတ်တွေလည်း အကြိုက်တွေ့စေမယ့် စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာကောင်းတဲ့ကားလေးပါ။ ရုံတင်ပြသရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ ချမ်းသာကြည်စိုး၊ ခင်လှိုင်၊ သုတအောင်၊ ရဲလွင်ဦး၊ ဘရမ်ဒိုလီ၊ ဥက္ကာကျော်၊ မျိုးစန္ဒီကျော်၊ အိမ့်ချစ်ချစ်၊ မှုံနံ့သာကျော်ရဲအောင်၊ အေးသီတာ၊ ထက်လူ စတဲ့သူတွေ ပါဝင်ထားကြပါတယ်။