
၂၅. ၃. ၂၀၂၅
Written by Nay Moe
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အဖွဲ့ဝင်ဒေါက်တာမှုထန်၏ ထန်တလန်မြို့ရှိ အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှုအားလုံး သိမ်းယူလိုက်သည်ဟု NUG ဩဇာခံ Chinland Defense Force – Thantlang (CDF-Thantlang) က ထုတ်ပြန်လာသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် SAC အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သည့်အတွက် ဒေါက်တာမှုထန်ပိုင်ဆိုင်ထားပြီး Chinland Defense Force – Thantlang (CDF-TT) ထိန်းချုပ်နယ်မြေအတွင်းရှိ အိမ်၊ ခြံ၊ မြေအားလုံးကို CDF-Thantlang Council က အပြီးပိုင်သိမ်းဆည်းပြီး လိုအပ်သလို ဆက်လက်ကိုင်တွယ်မည်ဖြစ်ကြောင်းနှင့် အသစ်တက်လာမည့်အစိုးရသစ်ထံသို့ ထပ်မံလွှဲအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၇၇ နှစ် အရွယ်ရှိ ချင်းလူမျိုး ဆရာဝန် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ကြောင်းထီးယားရွာတွင် မွေးဖွားခဲ့ပြီး ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲများအနိုင်ရကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို USDP ပါတီ၏ ချင်းပြည်နယ် ဥက္ကဋ္ဌလည်းဖြစ်သည်။ ထို့အတွက် ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၁ ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ ဒေါက်တာမှုထန်၏ နေအိမ်ကို ချင်းလက်နက်ကိုင်များ တိုက်ခိုက်၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း ဒေါက်တာမှုထန်၏ ဟားခါးမြို့ရှိနေအိမ်ကို CDF – Hakha က သိမ်းယူသည်ဟု ကြေညာခဲ့သည်။