




၂၅.၃.၂၀၂၅
Written By Thandar
ရွှေနဒီရွှေရည် ထုတ်လုပ်ရေးက ဒုတိယမြောက် ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဒရာမာ ဇာတ်လမ်းပုံစံ “မြေစာ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show အခမ်းအနားကို မတ်လ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ဝဇီရာမင်္ဂလာရုပ်ရှင်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“မြေစာရုပ်ရှင်ရဲ့ Red Carpet Show မှ လှိုင်သာယာရုပ်ရှင်ကို ရောက်ဖူးတာပါ။ ဒီကားကိုရိုက်ကူးချိန်မှာ ကိုမြင့်မြတ်ရော တစ်ဖွဲ့သားလုံး တော်တော်လေးကို ပင်ပန်းကြပါတယ်။ မြင့်မြတ်ရဲ့ အဓိက ဇာတ်ကောင်တစ်နေရာဖြစ်တဲ့ အတွက်ကြောင့် သူ့လည်း ပင်ပန်းခံပြီးတော့ တော်တော်ကြိုးစားပါတယ်။ ကိုမြင့်မြတ်နဲ့ အရင်ကတည်းက ဇာတ်ကားတွေ တော်တော်များများ ရိုက်ခဲ့ဖူးတယ်။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်လုပ်နိုင်တယ်။ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ကိုမြင့်မြတ်ကို အားနာနေရတဲ့အပိုင်းတွေလည်းရှိပါတယ်”လို့ ဒါရိုက်တာနေပိုင်က ပြောပါတယ်။
အဆိုပါပွဲမှာတော့ စည်ပင်ဝန်ထမ်းတွေကိုပါ ခေါ်ယူပြီး ရုပ်ရှင်တွေပြသခဲ့သလို ခေါက်ဆွဲကြော်တွေ ဝေငှလှူဒါန်းခဲ့ကြပါတယ်။





ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း လွမ်းဝေအောင်က ရေးသားပြီးတော့ ဒါရိုက်တာ နေပိုင်က ဖြစ်ရပ်မှန်ကို အခြေခံပြီး မြောက်ဒဂုံမြို့နယ်ဘက်မှာ ဇာတ်လမ်းပုံဖော်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ မြင့်မြတ်၊ စည်သူဝင်း၊ ဘုန်းမင်းနေလ၊ အကယ်ဒမီ အေးမြတ်သူ၊ သံသာ ညီ၊ ဆင်မ၊ ထူးခြား၊ စန်းယု၊ ပုပ္ပါး၊ မာန်ဆက်လူ၊ သင်္ချာစိုးအောင်၊ ဒေါ်ခင်အုန်းမြင့်၊ ဝိုင်းဇေခန့် စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“မြေစာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မတ်လ ၂၈ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။