
၂၄ .၃ .၂၀၂၅
Written by Hey Mar
အသက် ရှစ်ဆယ်ကျော်အရွယ် အမေကြီး နေအိမ်မှာတစ်ဦးတည်းရှိနေစဉ် ဓားနဲ့ထိုးခုတ် သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဒီနေ့ မတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်ကနေအိမ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ရွှေကြေးစည်လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
အဆိုပါအမေကြီးကို ထိုးခုတ်သတ်ဖြတ်သွားသူကိုလည်း သိမြင်လိုက်သူမရှိလိုက်ဘဲ အမေကြီးလဲကျနေတာကိုသာမြင်တွေ့ပြီး မူးလဲကျကာ ထိခိုက်ဒဏ်ရာရရှိကြတယ်လို့ ပတ်ဝန်းကျင်က ထင်တာကြောင့် လူမှုကူညီရေးအသင်းထံ ဖုန်းဆက်အကူအညီတောင်းခံရာက အသင်းကရောက်ရှိချိန် မြေပြင်အကူအညီပေးမှသာ ဓားခုတ်ခံရ ဓားထိုးခံရတဲ့ဒဏ်ရာတွေမှန်း သိရှိကြတာမို့ သက်ဆိုင်ရာကို ဆက်သွယ်ပြီး ဆေးရုံတင်ပို့ပေးခဲ့ကြတယ်လို့ သိရပါတယ် ။
“အမေကြီးတစ်ယောက်တည်း အိမ်မှာရှိနေတုန်းဖြစ်သွားတဲ့ပုံပါပဲ။ သူ့သမီးက ကျောင်းဆရာမလို့ ပြောတယ်။ သင်တန်းသွားနေလို့ ပြန်မရောက်သေးဘူးပေါ့။ ကျွန်တော်တို့ သယ်တုန်းက အသက် ပါပါသေးတယ်။ ဆေးရုံအသွား လမ်းမှာ ဆုံးတာပါ” လို့ ရွှေကြေးစည်လူမှုကူညီရေးအသင်းက MT News ကို ပြောပါတယ်။
ဆေးရုံတင်ပို့စဉ်သေဆုံးခဲ့တဲ့အမျိုးသမီးကြီးရဲ့ ရုပ်အလောင်းကို ရွှေကြေးစည် လူမှုကူညီရေးအသင်းက ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မန္တလေး ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကလည်း အွန်လိုင်းကနေ ဖုန်းရောင်းသူ အမျိုးသမီးတစ်ဦးကိုအမျိုးသား(၂) ဦးမှ လိုင်းပေါ်ကနေဝယ်ယူဟန်ဆောင်ကာ ချိန်းဆိုပြီး ဓားနဲ့ ထိုးခုတ် လုယက်မှု မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ရွှေကျင်တောင်ခြေမှာ ဖြစ်ပွားခဲ့ပါသေးတယ်။