
၂၄. ၃. ၂၀၂၅
Written by Nyein Kyaw
လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောကြားသည်။
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်းလည်း SAC ဥက္ကဋ္ဌက မှာကြားသည်။
SAC ဥက္ကဋ္ဌအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘီလာရုစ် သမ္မတနိုင်ငံများသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ခရီးစဉ်များတွင်လည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအစောဆုံး ကျင်းပသွားရန်စီစဉ်ထားကြောင်းကို ကမ္ဘာသိချပြဆွေးနွေးခဲ့ပြီးဖြစ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပသွားရန် ကမ္ဘာသိချပြခဲ့ပြီးဖြစ်၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးပါက ရွေးချယ်ခံကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသည့် လွှတ်တော်၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ စသည်ဖြင့် အဆင့်ဆင့်သော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်၏ အာဏာကြီး ၃ ရပ်အား လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မတ်လ ၂၀ ရက်တွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ်တွင်လည်း ပြောကြားခဲ့သည်။