လာမည့်ဘဏ္ဍာနှစ်တွင်လည်း ဆောင်ရွက်ဆဲဆည်တမံနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများကို ဦးစားပေး လျာထား ခွင့်ပြုပေးသွားမည်ဟု ပြောကြား

၂၅. ၃. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအားကောင်းစေရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသော်လည်း အဖျက်အမှောင့်လုပ်ငန်းများကြောင့် သမင်မွေးရင်း ကျားစားရင်း ဖြစ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအားကောင်းစေရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသော်လည်း အဖျက်အမှောင့်လုပ်ငန်းများကြောင့် နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ တာဝါတိုင်များ၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ ကျောင်း၊ ဆေးရုံ စသည်များတွင် ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုသို့ ဖျက်ဆီးမှုများကြောင့် သမင်မွေးရင်း ကျားစားရင်းဆိုသည့် စကားအတိုင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး နယ်မြေဒေသ မတည်ငြိမ်သည့်ဒေသများတွင် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နောက်ကျကျန်နေသည်ကိုတွေ့ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ဆောင်ရွက်ဆဲ ဆည်တမံနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတော်၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်ဆောင်ရွက်နိုင်ရန်လိုအပ်သည့် မျိုး၊ မြေဩဇာ၊ စက်ကိရိယာများ၊ စိုက်ပျိုးရေရရှိရန် ဆိုလာရေတင်လုပ်ငန်းများကို ဦးစားပေးလျာထား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူနိုင်ရေး၊ အလုပ်အကိုင်ဖန်တီးနိုင်ရေး စသည့်လုပ်ငန်းများအတွက် အသုံးစရိတ်များကိုလည်း လျာထားခွင့်ပြုပေးမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။