
၂၅. ၃. ၂၀၂၅
Written by Nyein Kyaw
ယခုဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စွမ်းအင်၊ သတ္တုနှင့်တွင်းထွက်ပစ္စည်းနှင့် လျှပ်စစ်ကဏ္ဍများမှအပ ကျန်ကဏ္ဍများတွင် တိုးတက်မှုရှိမည်ဖြစ်ပြီး တစ်ဦးကျထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် ၃ ဒသမ ၃ သန်းကျော်ရရှိစေရန် လျာထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောကြားသည်။
ယခုဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် စွမ်းအင်၊ သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများမှအပ ကျန်ကဏ္ဍများတွင် တိုးတက်မှုရရှိမည်ဟု ခန့်မှန်းထားပြီး နှစ်ကုန်ယာယီခန့်မှန်းခြေစာရင်းအရ စီးပွားရေးတိုးတက်မှုနှုန်းကို ယခင်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၉ ရာခိုင်နှုန်းရရှိနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကို ယခုနှစ်၏ အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊ ကဏ္ဍဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ ထုတ်လုပ်မှုနှင့် ဘဏ္ဍာငွေလျာထားချက်များပေါ် အခြေခံပြီး ဂျီဒီပီတိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်း၊ နှစ်အလိုက်ဈေးနှုန်းအရ တန်ဖိုးအားဖြင့် ငွေကျပ် ၁၇၁,၄၉၈ ဒသမ ၁ ဘီလျံရရှိနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းပေါ် အခြေ ခံပြီးလူဦးရေ ၅၁ ဒသမ ၃ သန်းနှင့် ခန့်မှန်းထားသည့် တစ်ဦးကျထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ ၃ ဒသမ ၃ သန်းကျော် ရရှိစေရန် လျာထားကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နေသည့် စီမံကိန်း အသုံးစရိတ်များကိုလည်း စနစ်တကျ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရန်၊ စီးပွားရေးတိုးတက်မှု အခြေအနေကို ယခုထက်ပိုမိုရရှိရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ အရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး တိုးတက်သည့် ရလဒ်ကောင်းများရရှိရေး ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိကလိုအပ်သည့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် SAC ဒုတိယဥက္ကဋ္ဌက တိုက်တွန်း ပြောကြားသည်။