




၂၄.၃.၂၀၂၅
Written By Zun
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းက တရားမဝင်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP က ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်ပို့ရေး နစကနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
မိုင်းရှူးမြို့နယ် တောတွင်းတစ်နေရာတွင် တရားမဝင် ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်ခု ရောက်ရှိနေကြောင်း သတင်းရရှိသောကြောင့် ယမန်နေ့ မတ်လ ၂၃ ရက် နံနက်အစောပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP အနေဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရှမ်းပြည်ဖက်မှာက TNLA က SSPP/SSAA ကို ခြိမ်းခြောက်လုပ်ဆောင်နေတာတွေ ရှိတယ်လေ။ တပ်မ တော်နဲ့အဆင်ပြေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြမ်းဖက် NUG – PDF နဲ့ ပေါင်းတဲ့ မဟာမိတ်လိုလို အဖွဲ့တွေက အမြင်စောင်းတာပေါ့။ ဆိုတော့ SSPP အနေနဲ့ အင်နဲ့အားနဲ့ ပြန်ပြီး လုပ်နေရတာတွေလည်း ရှိတာပေါ့။ဒါပေမဲ့ ကျားဖြန့်မှာ ပူးပေါင်းပါဝင်တာ ရှိတယ်။ သူတို့ ဖမ်းမိရင် တပ်မတော်နဲ့ ပေါင်းပြီး ပြည်နှင်ပေါ့ ”ဟု တပ်မတော်နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ယင်းသို့ ကျားဖြန့်ဂိုဏ်း ဖမ်းမိရာတွင် တရားမဝင် တရုတ်နိုင်ငံသားအချို့နှင့် ဆက်စပ် ပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ၊ I Pad၊ ကွန်ပျုတာမျိုးစုံတို့ အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း၊ မကြာမီတွင် သက်ဆိုင်ရာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သိရသည်။
SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့ နယ်မြေအတွင်း၌ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အဖွဲ့လိုက်ဖြစ်စေ တစ်ဦးချင်းစီဖြစ်စေ လက်ခံထားရှိခြင်းမပြုရန် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ကပင် ထုတ် ပြန်ထားကြောင်း ဖော်ပြထားသည်။