
၂၄.၃.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံမှာ Zensho ကုမ္ပဏီက ဆူကီယာ အမည်နဲ့ စားသောက်ဆိုင်ခွဲများစွာ ဖွင့်လှစ်ရောင်းချနေရာမှာ ဆူကီယာဆိုင်ခွဲတစ်ခုက ရောင်းချနေတဲ့ နာမည်ကျော်စားသောက်ဖွယ်တစ်ခုရဲ့ပန်းကန်အတွင်းမှာ ထိတ်လန့်စက်ဆုပ်ရွံရှာဖွယ်တစ်ခုကို စားနေကျ ဖောက်သည်တစ်ဦးကတွေ့ရှိပြီးနောက် ဆူကီယာ စားသောက်ဆိုင်ကွင်းဆက်ကို လည်ပတ်လုပ်ကိုင်နေတဲ့ Zensho ကုမ္ပဏီမှာ အစုရှယ်ယာတွေပြိုလဲကာ ရှယ်ယာတန်ဖိုးတွေလည်း အဆက်မပြတ်ကျဆင်းနေရတယ်လို့ မတ်လ ၂၄ ရက် သတင်းတွေက ဆိုပါတယ်။

ဖြစ်ရပ်က ဂျပန်နိုင်ငံအနောက်ပိုင်း၊ တော့တိုရီမြို့က ဆူကီယာဆိုင်ခွဲတစ်ခုမှာ စားသုံးသူဖောက်သည်တစ်ဦးက သူစားသုံးနေတဲ့ ဂျပန်ရိုးရာ နာမည်ကျော်အစားအစာဖြစ်တဲ့ မီဆိုစွပ်ပြုတ်ပန်းကန်အတွင်းမှာ ကြွက်သေတစ်ကောင်ကို ဇန်နဝါရီလကုန်ပိုင်းက တွေ့ရှိခဲ့တာလို့သိရပါတယ်။
ဒါပေမယ့် ဒီဖြစ်ရပ်ကို Zensho ကုမ္ပဏီကလည်း ထုတ်ဖော်မပြောဘဲနေခဲ့ပြီးမှ သူ့ရဲ့အစုရှယ်ယာတန်ဖိုးက ၇ ဒသမ ၁ ရာခိုင်နှုန်းလောက်ထိကျဆင်းလာတဲ့ ဖေဖော်ဝါရီလ ၁၃ ရက်ကမှစလို့ ဖွင့်ဟပြောကြားလာတာပါ။
ဆူကီယာ ဆိုင်ခွဲက တော့တိုရီမြို့ဆိုင်ခွဲမှာ စားသောက်ဖွယ်ရာတွေ ပြင်ဆင်နေစဉ် ကြွက်က ဟင်းရည်အိုးထဲဝင်သွားတာကို ဝန်ထမ်းတွေ သတိမပြုမိခဲ့တာလို့ ဆိုခဲ့ပါတယ်။ ဆူကီယာဆိုင်ခွဲက ဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပြီး သူ့ရဲ့ဆိုင်ခွဲတွေမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးကို နှစ်ဆတိုးဆောင်ရွက်မယ်လို့ မတ်လ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒီလိုစက်ဆုပ်ရွံရှာဖွယ် ဖြစ်ရပ်ဖြစ်ခဲ့ရတဲ့အပြင် ဒီဖြစ်ရပ်ကို ချက်ချင်းဖွင့်ဟပြောကြားမှုမလုပ်ခဲ့တာတွေအတွက်လည်း ဆူကီယာဆိုင်အဖို့ စားသုံးသူဖောက်သည်များစွာကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဆူကီယာဆိုင်ခွဲတွေက ဂျပန်တစ်နိုင်ငံလုံးမှာ ဆိုင်ခွဲပေါင်း ၂,၀၀၀ ဝန်းကျင်ရှိပြီး သူ့ရဲ့အမဲသားထမင်းပန်းကန်ကလည်း စားသုံးသူတွေအကြားအထူး လူသိများပါတယ်။ မကြာသေးမီကမှ ဈေးနှုန်းမြင့်တက်မှုပြုခဲ့လို့ အမြတ်ငွေတိုးတက်ကာ Zensho ရဲ့ အစုရှယ်ယာဈေးနှုန်းတွေလည်းမြင့်တက်လာမယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာကို ၂၅ ရာခိုင်နှုန်းအထိ ရှယ်ယာဈေးနှုန်းမြင့်လာခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် Zensho အဖို့ တက်လာခဲ့တဲ့အစုရှယ်ယာဈေးနှုန်းတွေ ပြန်မကျဖို့က ဆူရီစွပ်ပြုတ်အတွင်းက ကြွက်သေကောင်ပြဿနာနဲ့ရင်ဆိုင်ခဲ့ရတဲ့ သူ့ရဲ့ ဆူကီယာဆိုင်တွေမှာစားသုံးသူ သိသိသာသာ ကျဆင်းလာတာကိုဘယ်လိုအဖတ်ဆယ်မလဲဆိုတာအပေါ် တည်လိမ့်မယ်လို့ ဆိုကြပါတယ်။
Ref-Japan Times