
ပုံစာ - ထိုင်းနိုင်ငံဘက်ထွက်ပြေးလာသည့် စစ်ဘေးရှောင်ပြည်သူများ (Khaosod & AEC อาเซียน News)
KNLA ကို တပ်မတော်က လေကြောင်းတိုက်ခိုက်နေ၍ ထိုင်းက ကင်းထောက်လေယာဥ် ထွက်ခွာပျံသန်း
၂၄. ၃. ၂၀၂၅
Written by Nay Moe
KNU/ KNLA ဟာ ထိုင်း-မြန်မာနယ်စပ်အနီးက ခလယ်ဒေးတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်လို့ အနီးဝန်းကျင် ဒေသခံပြည်သူရာနဲ့ချီ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးခိုလှုံနေရတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


လှိုင်းဘွဲ့မြို့နယ်အတွင်း ပါဝင်ပြီး ထိုင်း-မြန်မာနယ်စပ်မျဉ်းနှင့် တစ်မိုင်ကျော်သာ ကွာဝေးတဲ့ ခလယ်ဒေးတပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက မတ်လ ၂၃ ရက်က စတင် တိုက်ခိုက်ခဲ့လို့ နယ်စပ်မျဥ်းနေ ပြည်သူရာနဲ့ချီက ထိုင်းနိုင်ငံ တက်ခ်ခရိုင်၊ သာဆောင်းရန်မြို့နယ်ဆီ သောင်ရင်းမြစ်ကို ကျော်ဖြတ်ထွက်ပြေးလာပြီး ဒီလိုမျိုး ထိုင်းဘက်စစ်ရှောင်တဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းကစ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ပူလူတူစစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာမှာ မတ် ၁၄ ရက်က သိမ်းပိုက်တယ်လို့ ကြေညာခဲ့အပြီး မတ်က ၁၈ ရက်မှာ တပ်ဘက်က KNU ဗဟိုဌာနချုပ်ကို ဆူဆိုက်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ KNLA စစ်ဦးစီးချုပ် မန်းဂျော်နီအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့အပြီး KNU/KNLA နဲ့ PDF တွေက ခလယ်ဒေးစခန်းကို တိုက်ခိုက်ခဲ့တာပါ။



ဒီတိုက်ခိုက်မှုကို တပ်မတော်ဘက်က ဒီနေ့ကစ Mig-29 လေယာဥ် အသုံးပြုပြီး လေကြောင်းနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ကလည်း F- 16 တိုက်လေယာဥ်နှစ်စင်းနဲ့ ကြားဖြတ်ပျံသန်းကင်းထောက်မှု ပြုလုပ်နေရတယ်လို့ သိရပါတယ်။
ပုံစာ – ထိုင်းနိုင်ငံဘက်ထွက်ပြေးလာသည့် စစ်ဘေးရှောင်ပြည်သူများ (Khaosod & AEC อาเซียน News)