
၂၄.၃.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ ခီရီရတ်နိခုမ်မြို့နယ်၊ ဘန့်ထမ်နိယတ်ကျေးရွာ၊ ကျေးရွာအုပ်စုအမှတ် ၁ တွင် လူစုလူဝေးဖြင့် အုတ်အော်သောင်းနင်း ဖဲရိုက်နေသည့် မြန်မာနိုင်ငံသား ၂၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။



ယမန်နေ့ မတ်လ ၂၂ ရက်က နေအိမ်တစ်လုံးအတွင်း မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားအချို့ ဖဲရိုက်နေသည့်သတင်းကို ရရှိသောကြောင့် ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးစဉ် ဖဲကစားနေသည့် မြန်မာအလုပ်သမား ၂၁ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၂၃ ဦး ကို ဖမ်းမိခဲ့သည်။
ထိုင်းဒေသတွင်းသတင်းများအရ မတ်လ ၂၂ ရက် ည ၁၁ နာရီအချိန် ဆူရတ်ဌာနီဒေသရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းအဖွဲ့က ဝင်ဖမ်းစဉ် သက်သေခံ ဖဲချပ်များ၊ ထိုင်းငွေ ဘတ် ၂၈၅၅၀ တို့ကို ယင်းအဖမ်းခံရသူများနှင့် အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။



ယင်းအဖမ်းခံရသူများအား ခီရီရတ်နိခုမ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်၍ ချုပ်နှောင်ထားကာ ထိုင်းနိုင်ငံ ဥပဒေအရ အပြစ်ပေး အရေးယူခံရမည် ဖြစ်ကြောင်း သိရသည်။