
၂၄ .၃ .၂၀၂၅
Photo by Thiri
တစ်နှစ်မှာ နှစ်လကျော်သာလုပ်ကိုင်လို့ရတဲ့ အိမ်မိုးဓနိလုပ်ငန်းကို ရန်ကုန်အနောက်ပိုင်းခရိုင် ဝါးတရာကျေးရွာမှာလည်း ခါတော်မီ လုပ်ကိုင်နေပါတယ်။ လှိုင်မြစ်တကြော ဓနိတောတွေကနေ လိုက်လံခုတ်ယူရတာလည်း ရှိသလို သက်ဆိုင်ရာကနေ ခွင့်ပြုချက်ယူကာ ကိုယ်တိုင်ထိန်းသိမ်းထားတဲ့ အခင်းတွေကနေလည်း ရာသီချိန် ဖေဖော်ဝါရီလလောက်ဆို ဓနိအခက် ခုတ်လို့ ရပြီလို့ သိရပါတယ်။








မတ်လကုန် ဧပြီလဆန်းအထိလောက်သာ ဓနိနောက်ဆုံး ခုတ်ကြပြီး အဲဒီ နောက်ပိုင်းက မိုးရာသီဝင်ခါနီးမို့ အပင်အားပြန်ပြည့်အောင်နဲ့ အခက်အလက်စုံအောင် ဒီရေတောတွေဖြစ်တဲ့ ဓနိတောကို ပြန်လည်ထိန်းသိမ်းရတဲ့ ကာလလို့ ဝါးတရာကျေးရွာက လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။
ဒီရေတော ပြုန်းတီးမှုတွေနဲ့ မြို့ပြဖွံ့ဖြိုးလာမှုတွေကြောင့် ဓနိနဲ့ အမိုးအကာလုပ်တဲ့ လုပ်ငန်းနည်းပါးလာနေပေမယ့် တစ်နိုင်တစ်ပိုင်ကတော့ ရာသီချိန်ကျရင် လုပ်ကိုင်နေကြဆဲလည်း ဖြစ်ပါတယ်။ အရင်လို တစ်ရာသီကို ဓနိပြစ် လေးငါးသောင်းမထုတ်လုပ်နိုင်တော့ဘဲ တစ်သောင်းခန့်သာ ထုတ်ဖြစ်ကြောင်း၊ လက်ခစားထိုးရာမှာလည်း ဓနိတစ်ပြစ်ကို ကျပ်ရှစ်ဆယ်ခန့်ရရှိပြီး တစ်ရက်လုံး အလုပ်လုပ်မှ တစ်ဦးထံကနေ အပြစ်ရေ ငါးဆယ်ကနေ ရှစ်ဆယ်ခန့်သာ ထွက်ရှိတာကြောင့် လုပ်အားခက ကျပ်လေးထောင်ကနေ ရှစ်ထောင်ကြားသာ ရရှိကြတာပါ။