
လက်နက်မဲ့ဆရာတော်နှင့် ကပ္ပိယကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်သည့် ပျားစစ်ကြောင်းကို ထိထိရောက်ရောက်အရေးယူပေးရန် ရှမ်းလူထု ၁၇ ဖွဲ့က တောင်းဆို
၂၄.၃. ၂၀၂၅
Written by Nay Moe
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာ ရှမ်းကျောင်းဖြစ်တဲ့ ရွှေဓမ္မရောင်ခြည်ကျောင်းက ကျောင်းထိုင်ဆရာတော်နဲ့ ကပ္ပိယဟာ တပ်မတော် ထောက်ခံသူတွေဖြစ်ပြီး ဒလန်ဖြစ်တဲ့အပြင် မိန်းမလိုက်စားတဲ့အတွက် သတ်ဖြတ်လိုက်ကြောင်း ကျူးလွန်တဲ့ NUG ဩဇာခံ ပျားစစ်ကြောင်းရဲ့ ဝန်ခံချက်ကို ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ PK-Police က မတ်လ ၉ ရက်မှာ ထုတ်ပြန်လာအပြီးမှာ ကျူးလွန်တဲ့ ပျားစစ်ကြောင်းက ဆရာတော်နဲ့ကပ္ပိယကို သတ်လိုက်တာ မှန်ကန်တဲ့အကြောင်း လူထုထောက်ခံမှုကိုလက်မှတ်ကို အဓမ္မလိုက်လံကောက်ခံနေတယ်လို့ သိရပါတယ်။



ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ညနေ ၄ နာရီခန့်က အုံတိုင်းရွာကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရ(ဦးဇင်းပိန်)နဲ့ ကိုအိုက်ပီးဆိုသူကို NUG ဩဇာခံ ပျားစစ်ကြောင်းက သတ်ဖြတ်ပြီး ဖုန်းနဲ့ဘဏ်စာအုပ်လုယက်ခဲ့တဲ့အပြင် ကျူးလွန်မှုပေါ်ပေါက်လာအပြီးမှာလည်း ဆရာတော်နဲ့ကပ္ပိယကို ဒလန်၊ မိန်းမရှုပ်လို့ သတ်လိုက်တာလို့ အပြစ်ပုံချတဲ့အပြင် သူတို့အပြစ်မကျဖို့အတွက် ဒီလိုသတ်ရတာက မှန်ကန်ကြောင်း လူထုကထောက်ခံတယ်ဆိုတဲ့လက်မှတ်ကို ဖယ်ခုံမြိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ ပျားစစ်ကြောင်းက အဓမ္မလိုက်လံကောက်ခံမှု ပြုလာနေတာပါ။
NUG ဩဇာခံ ပျားစစ်ကြောင်းရဲ့ ရက်စက်ယုတ်မာတဲ့ ဒီလုပ်ရပ်အပေါ် ရှမ်းလူထု ၁၇ ဖွဲ့က မတ်လ ၂၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြီး ပျားစစ်ကြောင်းကို လက်နက်ဖြုတ်သိမ်း အရေးယူပေးဖို့ တောင်းဆိုခဲ့ပြီး ဒီတောင်းဆိုချက်မှာ “၂၀၂၅ ခုနစ် မတ်လ ၄ ရက်နေ့တွင် ဖယ်ခုံမြိုနယ် အုံတိုင်းကျေးရွာဘုန်းကြီးကျောင်း၌ သတ်ဖြတ်ခံခဲ့ရသော ရွှေဓမ္မရောင်ခြည်ရှမ်းကျောင်းဆရာတော် ဦးဓမ္မသာရ(ခ) ဦးဇင်းပိန်နှင့် ဒကာ ကိုစိုင်းပီးတို့အား သတ်ဖြတ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော ပျားစစ်ကြောင်းမှ ဝန်ခံခဲ့ပြီးဖြစ်ပါသည်။ ဒေသတွင်းရှိ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇဝတ်မှုကျူးလွန်ထားသူကို အရေးယူနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်ဟု ကြားသိရပြီး မိမိတို့ ရှမ်းလူငယ်များမှလဲ တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ဖယ်ခုံမြိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)က ဖယ်ခုံမြို့ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ကျေးရွာများမှ ဒေသခံပြည်သူများကို ပျားစစ်ကြောင်း၏ ဆရာတော်ကို သတ်ဖြတ်မှုလုပ်ရပ်သည် မှန်ကန်ကြောင်း ထောက်ခံလက်မှတ်များကို အဓမ္မ လိုက်လံကောက်ယူနေသည်ဟု မိမိတို့ကြားသိရပါသည်။ ၎င်းလုပ်ရပ်သည် ဒေသခံပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်နေသည့်အပြင် အမှုဖြစ်စဉ်အတွက် မလိုလားအပ်သော ရှုပ်ထွေးမှုများကိုပိုမိုဖြစ်ပေါ်လာစေနိုင်သည်ဟု မိမိတို့ရှုမြင်သဖြင့် သက်ဆိုင်ရာ နယ်မြေအာဏာပိုင်အဖွဲ့အစည်းများကို အောက်ပါအတိုင်းတောင်းဆိုလိုက်သည်။”ဆိုပြီး အချက်လေးချက် တောင်းဆိုခဲ့ပါတယ်။




ဒီတောင်းဆိုချက် လေးခုက (၁) အမှု၏ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် ဒေသခံများ၊ ဒေသတွင်းသို့ စစ်ရှောင်လာသော ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးရန်။ (၂) မည်သည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ လက်နက်ကိုင်ထားသော တပ်ဖွဲ့တစ်ခု၊ လူပုဂ္ဂိုလ်တို့မှ လက်နက်မရှိသော လူပုဂ္ဂိုလ်များကို သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုသာဖြစ်၍ ကျူးလွန်သူတို့ကို ခြွင်းချက်မရှိအရေးယူပေးရန်။ စစ်ရာဇဝတ်မှုဖြစ်သည့်အတွက် စစ်ဥပဒေအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ယူ၍ အမှုကို တရားစွဲဆိုဆောင်ရွက်ပေးပါရန်။ (၃) အမှုမှန်မပေါ်ပေါက်မခြင်း ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် အမှုတရားမျှတမှုဖြစ်စဉ်အတွက် ပျားစစ်ကြောင်း၏ လက်နက်များကို ဒေသတွင်းတာဝန်ရှိသူများမှ တာဝန်ခံ ထိန်းသိမ်းထားပေးပါရန်။ (၄) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မလိုလားအပ်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်လာစေရေးအတွက် မိမိတို့ လက်အောက်ခံ ပလဖနှင့် တပ်ရင်းတပ်ဖွဲ့များ၏ လုပ်ရပ်ကို ထိန်းသိမ်းပေးပါရန်။” လို့ တောင်းဆိုခဲ့ပါတယ်။