
၂၄. ၃. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ဒဂုံမြို့နယ်ရှိ အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)သို့ သွားရောက်စစ်ဆေးစဉ် ပြောကြားသည်။
နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနပိုင် ပုံသေပိုင်ပစ္စည်းများကို အကျိုးရှိအောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများရရှိရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ်ရှိ ရွှေကသာကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အီလက်ထရွန်နစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာစက်ရုံသို့ သွားရောက်၍ ဆိုလာပြားများ တပ်ဆင်ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်လုပ်သည့်လုပ်ငန်းစဉ် အဆင့်ဆင့်တွင်လည်း အရည်အသွေးကို စနစ်တကျစစ်ဆေးရမည်ဖြစ်ကြောင်း၊ ဈေးကွက်ဝယ်လိုအားများပြားနေသည့် ဆိုလာများအား တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။