
၂၄. ၃. ၂၀၂၅
Written by Nyein Kyaw
ပြည်ပမှ တင်သွင်းလာသည့် ဘိလပ်မြေတန်ချိန် ၁,၅၀၀ ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိခဲ့ပြီး ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။
ယခုကာလသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ထိုသို့ တည်ဆောက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ် စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး တန်ချိန် ၁,၅၀၀ တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့၊ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ မတ်လ ၂၂ ရက်တွင် ထပ်မံရောက်ရှိခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရန်ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ပြည်ပမှ တင်သွင်းလာသည့် ဘိလပ်မြေတန်ချိန် ၃,၀၀၀ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်သည်။