
၂၄.၃.၂၀၂၅
Translated by Htwe Ko Tun
ဂါဇာဒေသမှာ အစ္စရေးတို့ရဲ့ထိုးစစ်စတင်ခဲ့သည့်အချိန်မှစလို့ ဒေသအတွင်း သေဆုံးရတဲ့ ပါလက်စတိုင်းလူမျိုး စုစုပေါင်း ၅၀,၀၀၀ ကျော်သွားပြီလို့ ဂါဇာဒေသရဲ့ ဟားမားစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။
စစ်ပွဲမတိုင်မီက ဒေသအတွင်း လူဦးရေ ၂ ဒသမ ၃ သန်း နေထိုင်ခဲ့ကြပြီး စစ်ပွဲအတွင်းသေဆုံးသူ ၅၀,၀၂၁ ဦး ရှိတဲ့အတွက် လူဦးရေရဲ့ ၂ ဒသမ ၁ ရာခိုင်နှုန်း သေဆုံးခဲ့ရတယ် ဒါမှမဟုတ် ဒေသအတွင်း လူ ၄၆ ယောက်မှာ တစ်ယောက်သေဆုံးခဲ့ရတယ်လို့ ကြေညာချက်က ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဒဏ်ရာရသူအနေနဲ့ ၁၁၃,၂၇၄ ဦးရှိခဲ့တယ်လို့လည်း ဟားမားစ်တို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဂါဇာအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေက ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကပါ ခိုင်လုံတယ်လို့ ယူဆပြီး အသုံးပြုနေကြပေမယ့် အစ္စရေးဘက်ကတော့ လက်မခံပါဘူး။
နိုင်ငံတကာက သတင်းစာဆရာတွေအနေနဲ ဂါဇာဒေသအတွင်း လွတ်လပ်စွာ ဝင်ရောက်မှုကို အစ္စရေးက တားမြစ်ထားပါတယ်။ ဒါကြောင့် ဒီအရေအတွက် မှန်မမှန်ကိုတော့ မစိစစ်နိုင်ဘူးဖြစ်နေရပါတယ်။ ဟားမားစ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေမှာတော့ သေဆုံးသူအရေအတွက်ကို စစ်သွေးကြွတွေနဲ့ အရပ်သားတွေအကြား ခွဲခြား ဖော်ပြထားတာတော့ မရှိပါဘူး။
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ သုတေသနပြုချက်တစ်ခုအရ ခြောက်လကြာကာလအတွင်းမှာပဲ စစ်ပွဲကြောင့် သေဆုံးရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
Lancet ဆေးပညာဂျာနယ်က ဇန်နဝါရီလမှာ လေ့လာခဲ့မှုတစ်ရပ်ကတော့ စစ်ပွဲအတွင်း အမှန်တကယ် သေဆုံးရမှုက ဟားမားစ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေထက် ၄၁ ရာခိုင်နှုန်းလောက် ပိုလို့ မြင့်မားနိုင်တယ်လို့တောင် ဆိုခဲ့ပါသေးတယ်။
Ref- bbc