
၂၄ .၃ .၂၀၂၅
Written by Hey Mar
ဦးဇင်းကြီးတစ်ပါးထံကို မြေးတော်စပ်သူက အရက်ဖိုးလာရောက်တောင်းရမ်းရာ မပေးလို့ ဓားနဲ့ ထိုးသတ်ခဲ့တဲ့ဖြစ်စဉ် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းရှိ မဟာဗောဓိကျောင်းဝန်းအတွင်းမှာ ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကို အကြင်နာတွဲလက်လူမှုကူညီရေးအသင်းက ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက် ၇ နာရီခန့်မှာ သွားရောက်သယ်ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။
ဖြစ်စဉ်က မဟာဗောဓိကျောင်းဝန်းအတွင်းမှာ သီတင်းသုံးနေတဲ့ ခန်းနေကိုယ်တော် ဥုးဝေပုံလ သက်တော် (၇၄ နှစ် )ဝါတော် (၂၄)ဝါ ရှိသူကို သူ့ရဲ့ တစ်ပါးနေကျောင်းဆောင်အတွင်း သွေးထွက်ဒဏ်ရာတွေနဲ့ လဲကျနေတာကို အရုဏ်တက်ချိန်မှာ ကျောင်းတိုက်မှာ နေထိုင်သူတချို့က တွေ့မြင်ရာက သက်ဆိုင်ရာထံ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
အကြင်နာတွဲလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သက်ဆိုင်ရာက ဘုန်းကြီးကျောင်းမှာ ရုပ်အလောင်းလာသယ်ပေးဖို့ပြောလို့ သွားသယ်ပေးတာပါ။ အလောင်းက တောင့်နေပြီ။ သေတာ ညပိုင်းကတည်းက။ အလောင်းကိုက မနက် ၅ နာရီကျော်လောက်မှ ကျောင်းကလည်း တွေ့ကြတာ။ မြေးတော်စပ်သူက သတ်သွားတယ်လို့ ကြားရတယ်”လို့ MT News ကို ပြောပါတယ်။
အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာမှသွားရောက် စစ်ဆေးခဲ့ရာ ခန်းနေကိုယ်တော် ဥုးဝေပုံလ သက်တော် ၇၄ နှစ် (ဝါတော်-၂၄) မှာ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေကြောင်းတွေ့ရှိရတာကြောင့် အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဆက်လက် စိစစ်ရာ မြေးတော်စပ်သူ ငြိမ်းချမ်းအောင် ခ )ကျန်ကျောင်းမှာ အရက်မူးကာ ကျောင်းကို ရောက်ရှိလာခဲ့ပြီး အရက်ဖိုးတောင်းခံရာမှ စကားများခဲ့တဲ့အတွက် အရိုးအသွား ၈ လက်မခန့်ရှိ ကြက်သွန်လှီးဓားနဲ့ ယာဘက်လည်ပင်းကို ထိုးသွင်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်းနဲ့ တရားခံကို ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ရာ တရားခံဖြစ်သူ ငြိမ်းချမ်းအောင် ( ခ )ကျန်ကျောင်းကို သထုံမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်၊ ကျောက်လုံးကြီးလှေဆိပ်မှာ ဖမ်းဆီးရမိခဲ့ကြောင်းသိရပြီး သက်ဆိုင်ရာက အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပျံလွန်တော်မူနေတဲ့ ဦးဇင်းကြီးရဲ့ ရုပ်အလောင်းကို ထုပ်ပိုးသယ်ဆောင်ကာ သထုံပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ)ဆီ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


