
MT News
၂၄. ၃. ၂၀၂၅
၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမနေ့ကို မတ်လ ၂၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းနှင့် သုဝဏ္ဏကွင်းတွင် မနက်ဖြန် ညနေ ၅ နာရီအချိန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို လေးသင်း ခြောက်အုပ်စုခွဲ၍ ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်ကြာ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် စသည့် နိုင်ငံရေးအကျပ်အတည်းပြင်းထန်နေသော နိုင်ငံများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အုပ်စုပွဲတိုင်း ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ ၃ ရက်မှစ၍ ပဏာမကစားသမား ၄၂ ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီး ဝင်းနိုင်ထွန်း၊ ဝေလင်းအောင် စသည့် ကစားသမားအချို့ ဒဏ်ရာပြဿနာကြောင့် ယခုခြေစစ်ပွဲနှင့် လွဲချော်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဆက်လက်ကိုင်တွယ်နေပြီး လက်ရှိတွင် ကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။
၂၀၂၇ ခုနှစ် အာရှဖလားခြေစစ်ပွဲစဉ်အဖြစ် အုပ်စု (E) မှ မြန်မာ အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် အာဖဂန်နစ္စတန် လက်ရွေးစင်ဘောလုံးအသင်းတို့၏ ခြေစစ်ပွဲကို မတ်လ ၂၅ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှစတင်၍ MRTV HD Channeli MRTV Parliament Channelı MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါပွဲစဥ်အတွက် လက်မှတ်များကိုလည်း အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်နှုန်းဖြင့် ယနေ့ စတင်ရောင်းချပေးမည်ဖြစ်ပြီး မနက်ဖြန်ပွဲကစားချိန်မတိုင်မီအထိလည်း ဂိတ် (၂) တွင် ဝယ်ယူနိုင်မည်ဖြစ်ကာ အွန်လိုင်းမှ Aya Pay နှင့် MFF Ticketing System ဖြင့် ဝယ်ယူထားသူများလည်း အဆိုပါ ဂိတ် (၂) တွင်ပင် လက်မှတ်ထုတ်ယူရမည်ဖြစ်သည်။