
၂၄.၃. ၂၀၂၅
Translated by Thettant
တရုတ်ယွမ်ငွေ ၂ ဒသမ ၄ ဘီလျံ (ဘတ် ၁၁ ဘီလျံခန့်) အလွဲသုံးစားလုပ် လိမ်လည်မှုနဲ့ တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ဘန်ကောက်က ဟိုတယ်တစ်ခုမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ လိမ်လည်မှုနဲ့ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ တရုတ်နိုင်ငံသား Zhang Wei ဆိုသူကို ဘန်ကောက်မြို့၊ ရတ်ချာပရာဆောင်ဒေသက ဟိုတယ်တစ်ခုမှာ စနေနေ့က ဖမ်းဆီးခဲ့တာလို့လည်း လူဝင်မှုကြီးကြပ်ရေးဗျူရိုက ဒုတိယ ဗိုလ်ချုပ်ကြီး Panumas Boonyaluck က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
Zhang ဟာ ၂၀၂၄ ခုနှစ်မှာ ရှန်ဒေါင်းပြည်နယ် အရှေ့မြောက်ပိုင်းက အဓိကဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုထံက ငွေများစွာကို အခြားသူတွေနဲ့ ပူးပေါင်းပြီး အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံထားရသူပါ။ အဲဒီနောက်မှာသူဟာ “Tu Nan” အမည်နဲ့ ပစိဖိတ်ကျွန်းနိုင်ငံ ဗနူအာတူ(Vanuatu) နိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်အတုဖန်တီးပြီး ဘန်ကောက်ကို ထွက်ပြေးလာခဲ့တာပါ။
အစောပိုင်း စုံစမ်းစစ်ဆေးမှုအရ သံသယရှိသူရဲ့ ဗီဇာဟာ မတ်လ ၁၂ ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားပေမဲ့လည်း သူက သက်တမ်းတိုးဖို့ ထပ်မံလျှောက်ထားခြင်းမရှိတာကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ Zhang ဟာ ရတ်ချာပရာဆောင်က ဇိမ်ခံဟိုတယ်တစ်ခုမှာ တည်းခိုနေတာတွေကို တွေ့ရှိခဲ့တာကြောင့် စောင့်ကြည့်မှုပြုခဲ့ကြပါတယ်။
အရာရှိတွေက မှတ်ပုံတင်စစ်ဆေးဖို ချဉ်းကပ်လာချိန်မှာ Zhang က တရုတ်ဘာသာစကားနဲ့ ပြောဆိုပြီး သူက တရုတ်နိုင်ငံသားမဟုတ်ဘဲ ဗနူအာတူနိုင်ငံသားဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားကြောင်းနဲ့ သူ့ မှတ်ပုံတင်သက်သေဖြစ်တယ်ဆို ဗနူအာတူနိုင်ငံကူးလက်မှတ်ဓာတ်ပုံ ရဲတပ်ဖွဲ့ကို ပြသခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး Panumas ကတော့ ဇီဝဆိုင်ရာ မှတ်ပုံတင်စစ်ဆေးမှုအရ Tu Nan အမည်ခံဟာ Zhang ဟာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ တရားခံပြေး Zhang Wei ဖြစ်တယ်လို့ အတည်ပြုပြီးနောက်မှာ Zhang Wei ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ပြောခဲ့သလို လိုအပ်တဲ့ စိစစ်မှုလုပ်ပြီးချိန်မှာ တရားခံလွှဲပြောင်းပေးဖို့ နှစ်နိုင်ငံ ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။