
၂၄.၃.၂၀၂၅
Written By Zun
မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများသို့ ပို့ဆောင်မည့် Starlink အင်တာနက်ပစ္စည်းများကို မတ်လ ၂၂ ရက် ညနေက ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားကြသည်။


ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ဟွေ့ယဥစစ်ဆေးရေးဂိတ်သို့ တက်ခ်ခရိုင်ဘက်မှ မောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီးကို တာဝန်ရှိသူများက တားဆီးစစ်ဆေးခဲ့စဉ် ဖမ်းမိခြင်းဖြစ်သည်။
အဆိုပါပစ္စည်းများကို ချင်းမိုင်ခရိုင်မှ ယူဆောင်လာကာ ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများသို့ ပို့ဆောင်မည့် ပစ္စည်းများဖြစ်ကြောင်း၊ ပစ်ကပ်ကားပေါ်တွင် Starlink အင်တာနက်ပစ္စည်းများထည့်ထားသည့် ဂျပ်ဖာ (၃၈) ဖာကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Starlink စက် ၃၈ စုံကို ပစ်ကပ်ကားဖြင့် တင်ဆောင်လာသူမှာ တရုတ်နိုင်ငံသား Lyu Huangyu ဖြစ်ပြီး လက်ရှိတွင် ထိုင်းအာဏာပိုင်များက ဖဝေါရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကာ ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

“ဒီလောက်ထိဗျာ၊ နစက ဘက်ကရော၊ BGF ကလည်း ထိုင်းအစိုးရဘက်နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်။ ကျားဖြန့်တွေကို နှိမ်နင်းနေတာကြောင့် နေ့စဉ် ဘယ်လောက်ဖမ်းတယ်ဆိုတာလည်း ဟိုဘက် ဒီဘက် သတင်းတွေမှာ မြင်ရပါတယ်ဗျာ။ ဒီလောက် လုပ်နေတာကိုဗျာ။ အခုလို ကားပေါ်တင်ပြီး မြဝတီကို ပေါ်တင်ပို့နေတာတွေကျတော့ ထိုင်းအစိုးရကိုရော၊ မြန်မာအစိုးရကိုရော၊ တခြား ပူးပေါင်းနေတဲ့ နိုင်ငံအစိုးရတွေကိုရော ပမာမခန့်ရာ ရောက်နေတယ်ဗျာ”ဟု ထိုင်းနိုင်ငံတွင်နေထိုင်သူ တစ်ဦးက MT News ကို ပြောသည်။