
၂၄.၃.၂၀၂၅
Translated by Htwe Ko Tun
တူရကီနိုင်ငံမှာ သမ္မတ အာဒိုဂန်ရဲ့ ၂၀၂၈ ခုနှစ်မှာကျင်းပမယ့် သမ္မတတရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်အဖြစ်ယူဆရတဲ့ အတိုက်အခံ CHP ပါတီမှဖြစ်တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် အက်ကရင်း အီမန်မော့ဂ်လူ(Ekrem Imamoglu) ကို အကျင့်ပျက်ခြစားမှုနဲ့ အကြမ်းဖက်အဖွဲ့တွေကိုထောက်ပံ့မှု စွဲချက်တွေနဲ့ မတ်လ ၁၉ ရက်မှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် မတ်လ ၁၉ ရက် ညမှာပဲ စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေဟာ တူရကီနိုင်ငံမြို့ကြီးတွေမှာ မတ်လ ၂၃ ရက်ညကလည်း ပဉ္စမမြောက်ညအဖြစ် ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။



အီမန်မော့ဂ်လူကို ရာထူးမှရပ်ဆိုင်းကာ မတ်လ ၂၃ ရက်မှာ အကျဉ်းထောင်ကို ပို့ခဲ့တယ်လို့လည်း သိရပါတယ်။ သူ့ကို ဖမ်းဆီးမှုက တူရကီမှာ ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံးဆန္ဒပြမှုတွေကို ဖြစ်စေခဲ့ပါတယ်။
အီမန်မော့ဂ်လူရဲ့ ဇနီးဖြစ်တဲ့ ဒီလက်ကာရာ အီမန်မော့ဂ်လူကတော့ မတ်လ ၂၃ ရက်ညမှာ ပဉ္စမမြောက်ညအဖြစ် ဆက်လက်ဆန္ဒပြနေတဲ့ လူထုကြီးကို အစ္စတန်ဘူလ်မြို့၊ မြို့တော်ခန်းမရှေ့မှာ မိန့်ခွန်းပြောခဲ့တယ်လို့လည်း သိရပါတယ်။ ကာရာက သမ္မတ အာဒိုဂန်နုတ်ထွက်ပေးရမယ်လို့ ပြောခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက အီမန်မော့ဂ်လူ နဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့မှု အပေါ် ရှုတ်ချခဲ့ပြီး ဒီမိုကရေစီစနစ်အပေါ် ဆိုးဝါးတဲ့တိုက်ခိုက်မှုတစ်ရပ်လို့ မတ်လ ၂၃ ရက် ညမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုပဲ ဂျာမနီအစိုးရကလည်း အီမန်မော့ဂ်လူ ကို ဖမ်းဆီး အကျဉ်းချထားမှုအပေါ် ဝေဖန်ပြောကြားခဲ့ပါတယ်။
အတိုက်အခံ CHP ပါတီကလည်း ဒီဖမ်းဆီးမှုက နိုင်ငံရေးအရ အနိုင်ကျင့်မှုသက်သက်ပဲလို့ စွပ်စွဲထားပေမယ့် သမ္မတ အာဒိုဂန်အစိုးရကတော့ ငြင်းဆိုခဲ့တဲ့အပြင် ဆန္ဒပြမှုတွေကိုလည်း ရှုတ်ချပြောကြားခဲ့ပါတယ်။
Ref-DW