မြကံသာကျေးရွာကိုလည်း PDF တို့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ်တစ်ဦး ထိခိုက်

၂၃. ၃. ၂၀၂၅
Written by Nay Moe
ထော်လာဂျီဖြင့် သွားလာနေသူ အမျိုးသမီးများကို မင်းကွန်း PDF များက ပစ်ခတ်ရာမှ ၄ ဦး ဒဏ်ရာရမှု မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုညထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ်၊ လက်ပံကျေးရွာနေသူများဖြစ်ကြသည့် မောင်အာကာဒိုလေး (၁၆)နှစ်၊ မသော်မီမီဇင်(၂၃)နှစ်၊ ဒေါ်မြင့်မာထွန်း(၃၈)နှစ်နှင့် ဒေါ်ခင်ငြိမ်းချမ်း(၃၈)နှစ်တို့သည် လက်ပံကျေးရွာမှ ကြက်ထောင့်ကျေးရွာသို့ ထော်လာဂျီယာဉ်ဖြင့် သွားရောက်စဉ် ဒေသအခေါ် မင်းကွန်း တောင်ကြားလမ်းအရောက် PDF (အင်အားစိစစ်ဆဲ)အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်ကြီးမြို့နယ်၊ မြကံသာကျေးရွာသို့ PDF အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မောင်မျိုးမြင့်ကျော် (၇)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။