




၂၃. ၃. ၂၀၂၅
Photo by Thiri
ရန်ကုန်၊ အနေက်ပိုင်းခရိုင်၊ ဝါးတရာကျေးရွာမှာ အရင်ကလောက်တော့ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ မရှိတော့ပါဘူး။ တိုးတက်ဖွံ့ဖြိုးလာတဲ့ ရွာအခြေအနေကြောင့်ရော၊ ပညာတတ်ကြေးရတတ်လူတန်းစား များပြားလာတာကြောင့် ရက်ကန်းလုပ်ငန်းတွေကလည်း တစစ တိမ်ကောလာတာပါ။
ဝါးတရာကျေးရွာက အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ ရွာကြီးတစ်ရွာပါ။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အနီးမှာတည်ရှိပြီး အိမ်တိုင်းလိုလိုမှာ ပညာတတ်ဘွဲ့ရလူငယ်တွေ ရှိကြပါတယ်။ တချို့ကလည်း ပြည်ပထွက် အလုပ် လုပ်ကြတာရှိတယ်။ တချို့ကလည်း စက်ရုံ အလုပ်ရုံတွေနဲ့ ချိတ်ဆက်လို့ စကားပြန် စာရင်းကိုင် စတဲ့ အလုပ်တွေ လုပ်ကိုင်ကြပါတယ်။






ပညာတစ်ပိုင်းတစလူငယ် လူရွယ်တွေကလည်း စက်ရုံ ဖယ်ရီကားထောင်တာမျိုး စက်ချုပ်လုပ်သားလိုမျိုး ဝင်ရောက်လုပ်ကိုင်ကြတာပါ။ အနည်းငယ်သာ ကျန်ရှိတယ်။ အိမ်ရက်ကန်းစင်တွေက ရွာထဲက ကလေးတွေ နွေရာသီ မုန့်ဖိုးရှာရာ လုပ်ငန်းခွင်နေရာဖြစ်လာတာပါ။ အသက်ရှစ်နှစ်ကျော်အရွယ် ရက်ကန်းစင်ရဲ့ ခြေနင်းဘယ်ညာတန်းကို မှီရင်ပဲ ရက်ကန်းခတ်လို့ ရနေပြီမို့ နွေကျောင်းပိတ်ရက်မှာ မိဘတွေက ကလေးတွေကို ရက်ကန်းစင်ပေါ်တင်ပေးလိုက်တာပါ။ အဓိက ခတ်ထည်ကတော့ လွယ်အိတ်ပါ။ တစ်လုံးအပြီးကို ခတ်ခ ကျပ်ငါးရာရပါတယ်။ အသက် ရှစ်နှစ်ကျော်ကနေ ဆယ်နှစ်ကြားကလေးတွေက တစ်ရက်ကို ငါးလုံးကနေ ဆယ်လုံးကြားပြီးအောင် ခတ်နိုင်ကြတာပါ။ ပိုက်ဆံရဲ့ တန်ဖိုးကိုလည်း သင်ကြားပြသပေးပြီးသားဖြစ်သလိုနေပူထဲ ပြေးလွှားနေမယ့်အစား ဖုန်းကြည့်နေမယ့်အစား ကလေးတွေကတော့ တစ်ဖက်တစ်လမ်း ဝင်ရောက်ကူညီရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ နွေကျောင်းပိတ်ရက်ကို ဖြတ်သန်းလုပ်ကိုင်နေကြတာပါ။
သူတို့ ရက်ကန်းခတ်တဲ့ လုပ်အားခက ကျောင်းဖွင့်ခါနီးအထိဆိုရင် သုံးသိန်းကျော်၊ လေးသိန်းနီးပါးရရှိကြလို့ သင်တန်းကြေး ၊ ကျောင်းဖယ်ရီခကအစ ကိုယ်တိုင်စုဆောင်းငွေနဲ့ အသုံးပြုနေကြတာလို့လည်း သိရပါတယ်။