
၂၃. ၃. ၂၀၂၅
Written by Thettant
ကရင်ပြည်နယ်၊ ဘားအံမြို့ရဲ့ နာမည်ကျော် ဇွဲကပင်တောင်မှာ ဒီနေ့လယ်ကစ တောမီးလောင်ကျွမ်းနေပြီး မီးများသလို အခုအချိန်အထိ မငြိမ်းသေးဘူးလို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

ဖြစ်စဥ်က ဒီနေ့လယ် ၂ နာရီကျော်အချိန်ကစ ဇွဲကပင်တောင်က နွားလပို့စေတီနားက လျှိုအနီးတစ်ဝိုက်နဲ့ ဝိဇ္ဇာညီနောင်ဘုရားရှိရာ တောင်အနီးတစ်ဝိုက်မှာ မီးလောင်ကျွမ်းနေတာပါ။

“ခါတိုင်းနှစ်တွေလည်း တောမီးက လောင်နေကြပါ။ ဒါပေမဲ့ ဒီနှစ်ကတော့ ခါတိုင်းနှစ်နဲ့မတူဘဲ အရမ်းများနေတယ်။ အခုထိလည်း မငြိမ်းသေးပါဘူး”လို့ ဒေသခံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ မြို့ခံပရဟိတအသင်းအဖွဲ့တွေစုဖွဲ့ ငြှိမ်းသတ်ဖို့ ကြိုးပမ်းနေကြပြီး လူမှုကွန်ရက်မှာမြင်နေရသလို တစ်တောင်လုံးမီးလောင်နေပုံလိုမဟုတ်တော့ဘဲ မီးခိုးငွေ့အများအပြားထွက်ပြီး လှိုက်လောင်တဲ့ပုံစံမြင်နေရတာလို့ ဒေသခံတစ်ဦးက MT News ကို ဒီည ၁၀ နာရီခန့်မှာ ပြောပါတယ်။