
၂၃. ၃. ၂၀၂၅
Written by Thettant
တိုင်းသိပြည်သိ နာမည်ကျော် စာရေးဆရာကြီး ဦးအောင်သင်းရဲ့ မြေးသားမက်ဖြစ်သူ ကိုနိုင်လင်းအောင်ဟာ အိမ်ပြန်လာလမ်းတစ်ဝက်မှာ ပျောက်ဆုံးနေလို့ တွေ့ရှိရင် ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုက အကူအညီတောင်းခံထားပါတယ်။
ဖြစ်စဥ်က ဆရာကြီးဦးအောင်သင်းရဲ့ မြေးသားမက်ဖြစ်သူ ကိုနိုင်လင်းအောင်ဟာ မနေ့က ညနေမှာ ရုံးဖယ်ရီက နေအိမ်ရှိရာ အင်းစိန်မြို့နယ်၊ အေးသိဒ္ဓိလမ်းနဲ့ အောင်မင်္ဂလာဒုံလမ်းမကြီး ဆုံရာ လမ်းထိပ်ကို ပို့ပေးခဲ့ပြီး အိမ်ကိုအပြန်လမ်းမှာတင် ပျောက်သွားခဲ့တာလို့ ကိုနိုင်လင်းအောင်ရဲ့ ယောက္ခမဖြစ်ပြီး ဆရာကြီးဦးအောင်သင်းရဲ့ သမီးဖြစ်သူ စာရေးဆရာမဒေါ်မော်မော်သင်းက လူမှုကွန်ရက်မှာ မျှဝေ အကူအညီတောင်းခံထားပါတယ်။


“မနေ့ညနေ ၅ နာရီက ကိုနိုင်လင်းအောင် ရုံးကပြန်လာပါတယ်။ သူ့ဇနီးက ကိုနိုင်လင်းအောင်နဲ့ ဖုန်းရချိန်မှာ ၅ နာရီ မိနစ် ၂၀ ရှိပါပြီ။ သူက ရုံးကပြန်လာတဲ့ ဖယ်ရီကားပေါ်ရောက်နေကြောင်း လမ်းထိပ်ကိုနောက် ၁၀ မိနစ်လောက်ကြာရင် ရောက်မှာဖြစ်ကြောင်းစကားပြောရပါတယ်။ ဒါပေမဲ့ ညနေ ၆ နာရီလောက်ထိ ပြန်မလာလို့ ဖုန်းဆက်ကြည့်တဲ့အခါမှာ ဖုန်းမကိုင်တော့ပါဘူး။ ရုံးဖယ်ရီကိုလှမ်းမေးတဲ့အခါ ညနေ ၅ နာရီခွဲခန့် ကတည်းက အေးသိဒ္ဓိ လမ်းထိပ်ကို ပို့ပေးခဲ့ကြောင်း သိရပါတယ်။ ၅ မိနစ်လောက်သာလမ်းလျှောက်ရတဲ့ အိမ်နဲ့လမ်းထိပ်ကြားမှာ ပျောက်သွားပါတယ်။ ပျောက်သွားတဲ့နေရာက အင်းစိန်မြို့နယ်၊ အေးသိဒ္ဓိလမ်းနဲ့ အောင်မင်္ဂလာဒုံလမ်းမကြီး ဆုံရာ လမ်းထိပ်မှာပါ။ အခုထိ ဘာအဆက်အသွယ်မှမရပါဘူး”လို့ ဒေါ်မော်မော်သင်းက အကူအညီ တောင်းခံထားပါတယ်။
ဆရာကြီးဦးအောင်သင်းရဲ့မြေးသားမက်ဖြစ်ပြီး စာရေးဆရာမကြီးဒေါ်မော်မော်သင်းရဲ့သားသမက်
မမေကောင်းစံရဲ့ ခင်ပွန်း ကိုနိုင်လင်းအောင်တို့ မိသားစုမှာ အရွယ်မရောက်သေးတဲ့ သမီးနှစ်ဦးလည်း ရှိနေတာမို့ ပျောက်ဆုံးမှုအပေါ် စိတ်ပူနေတဲ့ မိသားစုက ကိုနိုင်လင်းအောင်ကို တွေ့ရှိရင် ဒေါ်မော်မော်သင်း 09-791679917 နဲ့ မမေကောင်းစံ 09-781597283 တို့ကို ဆက်သွယ်ပေးဖို့လည်း အကူအညီတောင်းခံထားပါတယ်။