MT News
Written by Nay Moe
ဦးသန့်အရေးအခင်းတွင် ဖမ်းဆီးခံရသူ ခေါင်းဆောင် ၅၂ ဦးအနက် တစ်ဦးအပါအဝင်ဟုဆိုသော မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်(ခ) ဒေါ်ဌေးဌေးဝင်းမှာ အမေရိကန်တွင် ကွယ်လွန်ခဲ့ပြီဖြစ်ပြီး ယင်းမှာ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် သတင်းများပျံ့နှံ့နေသည်။
ဒေါ်ရိုစီအောင်၏ သားဖြစ်သူ Anawa Kyaw Htut အကောင့်ပိုင်ရှင်က ”သူတို့၏ ချစ်မိခင် ဒေါ်ရိုစီအောင် အမေရိကန် လော့စ်အိန်ဂျယ်လိတွင် ကွယ်လွန်ခဲ့ပြီ” ဖြစ်ကြောင်း အသိပေးထားသလို Aye Mon အကောင့်ဖြင့် Facebook သုံးစွဲသူကလည်း ဒေါ်ရိုစီအောင်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်ကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ယမန်နေ့က အသိပေးထားသည်။
လူမှုကွန်ရက်တွင် ဒေါ်ရိုစီအောင်မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်ဟု ရေးသားနေပြီး ထိုရေးသားမှုများအပေါ် မိသားစုဝင်များက တုံံ့ပြန်ဖြေရှင်းမှုမရှိသည့်အပြင် လက်ရှိတွင် သားဖြစ်သူ Anawa Kyaw Htut က ကနဦးတင်သော ဝမ်းနည်းမှတ်တမ်းအသိပေးစာကို ပြန်လည်ဖြုတ်သိမ်းခဲ့သည်။
ဒေါ်ရိုစီအောင်မှာ အသက် ၆၄ နှစ်ခန့်ရှိသူဖြစ်ပြီး နှလုံးတွင် စက်တပ်ဆင်ထားရသူလည်းဖြစ်ကြောင်း မိတ်ဆွေအချို့က ပြောဆိုပြီး လက်ရှိအချိန်တွင် ဒေါ်ရိုစီအောင်၏ ကွယ်လွန်ခဲ့မှုမှာ သွေးရိုးသားရိုး ဟုတ်မဟုတ် MT News သတင်းဌာနက မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းထားပြီး ဖြေဆိုလာသည်များနှင့် ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။