
အိန္ဒိယဝန်ကြီးချုပ်သည်လည်း အခြားအဖွဲ့ဝင်နိုင်ငံတို့၏ နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ အစည်းအဝေးသို့ ပါဝင်တက်ရောက်မည်
၂၃. ၃. ၂၀၂၄
Translated by Thettant
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း Thai PBS သတင်းဌာနက ဖော်ပြလိုက်သည်။
ပြီးခဲ့သည့် မတ်လဆန်းကမှ ရုရှားနှင့် ဘီလာရုစ်နိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် သွားရောက်ခဲ့သည့် နိုင်ငံတော်၏ခေါင်းဆောင်သည် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့ ပါဝင်သော ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) ၏ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ပါဝင်မည်ကို Thai PBS ၏ သတင်းရင်းမြစ်က အတည်ပြုခဲ့သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးသည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုဖြစ်စဥ်အပြီး SAC ဥက္ကဋ္ဌ၏ ပထမဆုံးသော ဘန်ကောက်ခရီးစဉ်လည်းဖြစ်လာခဲ့သည်။
ထိပ်သီးအစည်းအဝေးမတိုင်မီ အဓိကကိစ္စရပ်များကို ပြင်ဆင်ရန် အကြီးတန်းအရာရှိများ၏ အစည်းအဝေးများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးသည် ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာ ဦးဆောင်မည့် ပထမဆုံးထိပ်သီးအစည်းအဝေးလည်းဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံအားလုံးသည် ၎င်းတို့၏နိုင်ငံ့ခေါင်းဆောင်များ အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်ကိုလည်း အတည်ပြုခဲ့သည်။
BIMSTEC ထိပ်သီးအစည်းအဝေးကို မူလက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်ထားခဲ့ရာမှ ယခုနှစ် ဧပြီလသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည်လည်း ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော ဒေသဆိုင်ရာအဖွဲ့ဝင်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့်အတူ ခြောက်ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။
၁၉၉၇ ခုနှစ်က ဘန်ကောက်မြို့တွင် တည်ထောင်ခဲ့သော BIMSTEC သည် ဘင်္ဂလားပင်လယ်အော်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်သည်။ ၎င်းသည် တောင်အာရှနှင့် အရှေ့တောင်အာရှကြား စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆက်သွယ်မှုများကို မြှင့်တင်ပေးသည့် တံတားတစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။ ထိပ်သီးအစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများသည် သံတမန်ရေးရာနှင့် စီးပွားရေးဆက်ဆံရေးများကို ခိုင်မာစေရန် နှစ်နိုင်ငံသဘောတူညီချက်များ ချုပ်ဆိုမည်ဖြစ်သည်။ ဘန်ကောက်တွင် ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးသည် ပင်လယ်ရေးရာပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းဆက်သွယ်ရေးတို့ကို အဓိကထားဆွေးနွေးမည်ဟုလည်း Thai PBS ၏ သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။