
၂၃. ၃. ၂၀၂၅
Written by Nay Moe
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း နှမ်းခါးကျေးရွာက PDF တွေ လက်နက်သိုလှောင်ထားရာနေရာနဲ့ PDF တွေကို ကုသပေးနေတဲ့ ဆေးပေးခန်းနေရာကို မတ်လ ၂၂ ရက် မနက် ၈ နာရီ ၃၈ မိနစ်ခန့်က လေကြောင်းပစ်ခတ်ချေမှုန်းမှုမှာ CDM ဆရာဝန်လင်မယားအပါအဝင် ၁၁ ဦး သေဆုံးသွားတယ်လို့ ယောအလင်းတန်းအပါအဝင် ဒေသတွင်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုပုံရိပ်တွေ ထုတ်ပြန်တဲ့ ယောအလင်းတန်းရဲ့ ပုံရိပ်မှာ PDF တွေ ထုတ်လုပ်ထားတဲ့ လက်လုပ်ရှော့တိုက်ဒုံးပုံရိပ် ပါဝင်နေလို့ ဒီတိုက်ခိုက်မှုဟာ PDF လက်နက်တိုက်နေရာကို ချေမှုန်းရာက PDF တွေကို ကုပေးနေတဲ့ ဆေးပေးခန်းပါ ထိခိုက်သွားဖွယ်ရှိတာလို့ သိရပါတယ်။
ယောဒေသဟာ တပ်မတော်ထိန်းချုပ်ရာနေရာနဲ့ အလှမ်းဝေးတဲ့အနေအထားမှာရှိတာကြောင့် ယော PDF တွေဟာ NUG ကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ဖို့ တပ်မတော်အသွင်ပြောင်းလဲဖို့ လုပ်ဆောင်နေသလို နှမ်းခါးရွာဟာလည်း PDF အခြေစိုက်စခန်းရှိရာ ရွာဖြစ်လို့ ချေမှုန်းခံရတာလို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးဆီက သိရသလို ဒီတိုက်ခိုက်မှုမှာ PDF တွေနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ CDM ဆရာဝန် ဒေါက်တာ မြစိုးအောင်နဲ့ ဇနီးဖြစ်တဲ့ CDM သူနာပြု မခိုင်နှင်းဝေ မိသားစုသုံးဦးသေဆုံးပြီး အခြား ၈ ဦးလည်း လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးတဲ့အပြင် ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပုံစာ – နှမ်းခါးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်အပေါ် ယောအလင်းတန်းဖော်ပြထားသည့် PDF တို့၏ လက်လုပ်ရှော့တိုက်ဒုံးတစ်လုံးအပါအဝင် ပျက်စီးမှုမြင်ကွင်း (ဓာတ်ပုံ – ယောအလင်းတန်း)