
၂၃.၃.၂၀၂၅
Written by Hey Mar
ရေမရှိတော့တဲ့ရေနုတ်မြောင်းအတွင်း ဆိုင်ကယ်အရှိန်လွန်ထိုးကျရာက အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က မတ်လ ၂၂ ရက်နေ့ မနက် ၇ နာရီဝန်းကျင်က မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတာ ၂၁ ရက်နေ့ ညကတည်းက ဖြစ်ပွားပုံရပြီး အကူအညီအချိန်မီမရရှိဘဲ သေဆုံးခဲ့ပုံရကြောင်းကိုလည်း မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပြရာမှာ “တစ်နေ့က ည ၈ နာရီ ၉ နာရီလောက်မှာ ဖြစ်ပုံရတယ်။ သူက အရက်မူးနေပုံရပါတယ်။ လမ်းဘေးမြောင်းထဲ အရှိန်လွန်ထိုးဆင်းသွားတာ။ မြောင်းက တာပေါ်ကနေ လူတစ်ရပ်လောက်တော့မြင့်တယ်။ ဘယ်သူမှလည်း မမြင်လိုက်ကြဘူးနေမယ် ။ ဒီနေ့မနက်အစောကမှ လမ်းသွားလမ်းလာက ဖုန်းဆက်လှမ်းခေါ်လို့ သွားသယ်လာတာပါ” လို့ MT News ကို ပြောပါတယ်။


သေဆုံးသူက သထုံမြို့၊ အောင်မြေရွှေဘုံ (၃) လမ်းနေအသက် (၅၀) နှစ်အရွယ်အမျိုးသားလို့ သိရပြီး ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် နဖူး ဖူးယောင်ပေါက်ပြဲ၊နောက်စေ့ ပေါက်ပြဲဒဏ်ရာနဲ့ ဆီးခုံ ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ကာ ရုပ်အလောင်း သွားရောက်သယ်ဆောင်ချိန်မှာ သေဆုံးချိန် ၂၂ ရက်နေ့ မနက်အစောပိုင်းကမှ သေဆုံးသွားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရတယ်လို့ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ
အဆိုပါသေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကိုထုပ်ပိုးကာ၊ သထုံပြည်သူ့ဆေးရုံကြီးရင်ခွဲရုံဆီ အသင်းပိုင်ယာဉ်နဲ့ ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။