ဧရာဝတီမြစ်ရေစီးကြောင်းအပေါ် ရေချိုအရင်းအမြစ်ဖြစ်သော ရေခဲမြစ်များ၏ သက်ရောက်မှုများကို တိတိကျကျလေ့လာနိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်းပါ ပြော

၂၃. ၃. ၂၀၂၅
Written by Nyein Kyaw
ရေခဲမြစ်များ၏ ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စနစ်တကျစုစည်းခြင်းသည် အနာဂတ်ရေအရင်းအမြစ် စီမံခန့်ခွဲမှုများအတွက် အရေးကြီးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်သည့် “ကမ္ဘာ့ရေနေ့ ၂၀၂၅” အခမ်းအနားတွင် ပြောကြားသည်။
ကမ္ဘာပေါ်တွင် ရေထုစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းသည် ဆားငန်ရေများဖြစ်ကြပြီး ကျန် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုများဖြစ်ကာ ယင်းရေချိုများ၏ ၆၈ ဒသမ ၇ ရာခိုင်နှုန်းသည်လည်း ဝင်ရိုးစွန်းရေခဲမြစ်များနှင့် ရေခဲတောင်များအဖြစ် တည်ရှိနေခြင်းဖြစ်သည်။

လာမည့် ၂၁၀၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်၏ ပျမ်းမျှအပူအချိန်သည် ၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ် မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထားကြကြောင်း၊ ယင်းအခြေအနေသည် ဧရာဝတီမြစ်အထက်ပိုင်းတွင်ရှိသည့် ရေခဲမြစ်များ လုံးဝပျောက်ကွယ်သွားနိုင်ကြောင်းကို ညွှန်းဆိုနေကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အနာဂတ်ရေချိုအရင်းအမြစ်များ တည်ရှိမှုကို ခြိမ်းခြောက်နေသည်ကို သတိပြုမိကြရန်ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ရေစီးကြောင်းအပေါ် ရေခဲမြစ်များ၏ သက်ရောက်မှုများကို တိတိကျကျလေ့လာနိုင်ရန် ရေဆိုင်ရာအချက်အလက်များ လိုအပ်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ရေခဲမြစ်များ၏ ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စနစ်တကျစုစည်းခြင်းသည် အနာဂတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုများအတွက် အရေးကြီးသည့်အချက်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့မြန်မာနိုင်ငံတွင်လည်း ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ်၊ မိုးရာသီအတွင်း ရေကြီးမှုဖြစ်စဉ်များအနေဖြင့် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ကချင်ပြည်နယ် (မြစ်ကြီးနား)၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံတွင် ရေဆိုင်ရာအခက်အခဲပြဿနာများ ဖြေရှင်းရန်နှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရန်၊ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် “အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ” ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက်ပြီးနောက် “အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ” ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် မိမိကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။