
၂၃. ၃. ၂၀၂၅
Written by Nyein Kyaw
ဈေးနှုန်းကျဆင်းနေသော ဧည့်မထအုပ်စု စပါးများကို ကျပ်ဘီလျံ ၁၄၀ သုံးစွဲကာ လာမည့် ဧပြီလနှင့် မေလတို့တွင် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစပါးအသင်းချုပ်က ယမန်နေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၀၂/ ၂ဝ၂၅)အရ သိရသည်။
လက်ရှိအခြေအနေတွင် နိုင်ငံတကာဝယ်လိုအား ကျဆင်းနေခြင်း၊ ပြည်တွင်းဝယ်လိုအားများ ကျဆင်းနေခြင်းအတွက် ဆန်စပါးဈေးကွက်အတွင်း ဧည့်မထနွေစပါး စိုက်ပျိုးသော တောင်သူလယ်သမားများအနေဖြင့် ဈေးနှုန်းကျဆင်းနေခြင်းနှင့် ရောင်းချရန် ခက်ခဲနေခြင်းတို့ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ယင်းအခြေအနေများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်ကုမ္ပဏီများ၊ အသင်းဝင်ဆန်စက်ကြီးများနှင့် ညှိနှိုင်းပေါင်းစပ်၍ စပါးတင်းပေါင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန်အိတ် ၄ သိန်း ဝယ်ယူရေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် မေလတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စပါး/ဆန် ရောင်းချရန် အခက်အခဲရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်းနံပါတ် ၀၁-၂၃၀၁၁၂၈-၂၉ ၊ ၀၁-၂၁၈၂၆၆-၆၈ သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
“ပေါ်ဆန်းစပါးစျေးတွေက အမြင့်ပိုင်းမှာ ဖြစ်ပေါ်တည်ရှိနေပါတယ်။ ပေါ်ဆန်းကို ဆောင်ရွက်ဖို့ မလိုအပ်သေးပါဘူး။ နွေစပါးပေါ်ချိန် ဧည့်မထ၊ အထူးဧည့်မထအုပ်စု စပါးများသာ စျေးကျဆင်းပြီး တင်း ၁၀၀ ကို ၁၃ သိန်းနဲ့ ၁၄ သိန်း ဝန်းကျင်ဖြစ်နေလို့ ဧည့်မထစပါးများကိုသာ ဝယ်ယူရေးကို ဦးစားပေးလုပ်တာ ဖြစ်ပါတယ်။ စပါးတင်း တစ်သိန်းကို ကျပ် ၁ ဒသမ ၄ ဘီလျံခန့် တန်ဖိုးရှိလို့ စပါးတင်းသိန်း ၁၅၀ က ကျပ်ဘီလျံ ၁၄၀ ခန့် ရှိပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပေါင်းဆန်တန်ချိန် ၃ သိန်းတင်ပို့နိုင်ရေး လျာထားလျက် ပေါင်းဆန်စက် ၃၀ အား အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သောပံ့ပိုးကူညီမှုများ ဆောင်ရွက်ခြင်း၊ ပေါင်းဆန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည် ဆောင်ရွက်ရန် ကိစ္စရပ်များအတွက်လည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။