
၂၃. ၃. ၂၀၂၅
Written by Nyein Kyaw
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့သည် လူတို့၏ လုပ်ဆောင်ချက်ကြောင့် သောင်ပို့မှုများ များပြားလာပြီး မြစ်ကြောင်းများ ထိန်းသိမ်းရေးသည် အရေးကြီးသည့်အခြေအနေရှိနေ၍ စောလျင်စွာ ဖြေရှင်းရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ရှိ MICC-2 ၌ ပြုလုပ်သည့် “ကမ္ဘာ့ရေနေ့ ၂၀၂၅” အခမ်းအနားတွင် ပြောကြားသည်။
လက်ရှိအနေအထားတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့သည် လူတို့၏ လုပ်ဆောင်ချက်ကြောင့် သောင်ပို့မှုများ များပြားလာပြီး ရေကြောင်းသွားလာရေးတွင် ကန့်သတ်ချက်များ များလာကြောင်း၊ SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် မြစ်ကြောင်းများ ထိန်းသိမ်းရေးသည် အရေးကြီးသည့်အခြေအနေရှိနေပြီး စောလျင်စွာ ဖြေရှင်းရန်လိုကြောင်း၊ အဓိကမြစ်များနှင့် ယင်းမြစ်များအတွင်း စီးဝင်သည့် မြစ်၊ ချောင်းများ ဘေး၊ ဝဲယာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် လုပ်ငန်းများကို ဒေသဆိုင်ရာ အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့များက ကြပ်မတ်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါမြစ်များသည် ကူးသန်းသွား လာမှုတွင် အဓိကျခြင်းကြောင့် ဆောလျင်စွာ သောင်တူးရှင်းလင်းနိုင်ရေး၊ ဟိမဝန္တာတောင်မှ စီးဆင်းလာသည့် ရေချိုများကို စိုက်ပျိုးရေးကဏ္ဍတွင် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ရာသီမရွေး ရေကြောင်းသွားလာနိုင်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး၊ မြစ်ဘေး ဝဲ၊ ယာနှင့် သက်ရောက်သည့်နေရာများ စိမ်းလန်းစိုပြေလာစေရေးတို့ကို ဖြစ်ပေါ်စေရန် သတ်မှတ်ရှာဖွေထးသည့်နေရာများတွင် အနိမ့်တမံ (Low-Head Dam) များ ဖြစ်နိုင်သမျှ အမြန်ဆောင်ရွက်သွားရန်လိုအကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့၏ မြစ်ဖျားမှစတင်ပြီး ပင်လယ်ထဲသို့ရောက်သည်အထိ ရေစီးနှုန်းတိုင်းတာရန်နှင့် ရေလမ်းကြောင်းအခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်းလေ့လာ ဆောင်ရွက်နိုင်ရေးအတွက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၇) ရက်တွင် ဖွဲ့စည်းပေးထားကြောင်း သိရသည်။