




၂၂. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ၊ ဝိပ္ပံတွဲနှင့် ဝိဇ္ဇာတွဲ စာမေးပွဲများ ယနေ့ အောင်မြင်စွာပြီးစီးခဲ့ပြီး ဖြေဆိုရန်စာပေးသွင်းသူဦးရေ၏ ၉၄ ရာခိုင်နှုန်းကျော် လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်တွင် မြန်မာစာ၊ မတ်လ ၁၈ ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၉ ရက်တွင် သင်္ချာ၊ မတ်လ ၂၀ ရက်တွင် ဓာတုဗေဒနှင့် ပထဝီ၊ မတ်လ ၂၁ ရက်တွင် ရူပဗေဒနှင့် သမိုင်း၊ မတ်လ ၂၂ ရက်(ယနေ့)တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို ပိတ်ရက်မရှိ ဆက်တိုက်ဖြေဆိုခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ယနေ့တွင် သိပ္ပံဘာသာတွဲတွင် ဇီဝဗေဒဘာသာကို ဖြေဆိုခဲ့ရာ စာရင်းပေးသွင်းသူဦးရေ ၈၈,၈၄၈ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၈၅,၄၃၆ ဦးရှိခဲ့သလို ဝိပ္ပံနှင့်ဝိဇ္ဇာဘာသာအတွဲ(၂)တွင် ဘောဂဗေဒဘာသာကို ဖြေဆိုခဲ့ရာ စာရင်းပေးသွင်းသူဦးရေ ၁၃၁,၉၉၅ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၃,၀၁၈ ဦးရှိခဲ့ကြေင်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၁၇ ခုဖွင့်လှစ် ဆောင်ရွက်ထားပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ ၂၂၀,၈၄၃ ဦးရှိခဲ့သည့်အနက် ယနေ့ နောက်ဆုံးနေ့တွင် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်း ၂၀၈,၄၅၄ ရှိခဲ့သည့်အတွက် စာရင်းပေးသွင်းသူဦးရေ၏ ၉၄ ရာခိုင်နှုန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ပုံစာ- ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ၊ ဝိပ္ပံတွဲနှင့် ဝိဇ္ဇာတွဲ စာမေးပွဲများ ယနေ့ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့သော မြင်ကွင်းကို တွေ့ရစဉ်။