
MT News
၂၂. ၃. ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး(ခ)ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်း မောင်းနှင်ပြီး ရဲဝင်းထက် လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးသီဟ နှင့် အောင်ဖြိုးကို တို့အား အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် ဖမ်းဆီးရမိခဲ့ပြီး မတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုကွက်သစ်၊ ၁၄၀(B)လမ်း၊ ၅၅ x ၅၆ လမ်းကြားရှိနေအိမ်တွင် ၎င်းတို့ ၂ ဦး သိုဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၆ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရန် စေခိုင်းသူဇော်မင်းထွန်း(ခ)ကိုဇော်(ခ)ပုံတူ အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး တရားခံအားလုံးကို စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။