
MT News
၂၂. ၃. ၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) ၏ (၃/၂ဝ၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ်ခဲ့ပြီး ပြည်တွင်းလုပ်သား၂,၈၀၂ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေမည့် ဒေါ်လာ ၃ သန်းကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုနှစ်ခုကို ခွင့်ပြုလိုက်သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။




အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုကို အတည်ပြုပေးကာ အဆိုပါ လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းများဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၆၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂,၈၀၂ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၇) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။