
MT News
၂၂. ၃. ၂၀၂၅
ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် အမေရိကန်နိုင်ငံက ကမ္ဘာ့နိုင်ငံအသီးသီးမှ တရားမဝင် ဝင်ရောက်လာသူများကို ပြန်ပို့မည်ဖြစ်ကြောင်း ကြေညာပြီးနောက် အမေရိကန် လူဝင်မှုကြီးကြပ် ရေးနှင့် အကောက်ခွန်ဌာန၏အစိတ်အပိုင်းတစ်ခုဖြစ်သော Enforcement and Removal Operations ERO အဖွဲ့က နိုင်ငံအတွင်းတရားမဝင်နေထိုင်သူများကို စုံစမ်းရှာဖွေ စစ်ဆေးရာ အမေရိကန်နိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူပေါင်း ၁၄၄၅၅၄၉ ဦးကို မိခင်နိုင်ငံသို ပြန်ပိုမည်ဖြစ်ကြောင်း စာရင်းထွက်ခဲ့ပြီး အဆိုပါစာရင်းတွင် မြန်မာနိုင်ငံသား ၆၇၉ ဦးလည်း ပါဝင်ခဲ့သလို ထို ဖြစ်ရပ်များအပြီး ယနေတွင် အမေရိကန်က ပြည်နှင်ဒဏ်ပေးလိုက်သူ မြန်မာနိုင်ငံသားနှစ်ဦးကို မြန်မာအစိုးရက ပြန်လည်လက်ခံမည်ဟု အသိပေးသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါးသူ သို့မဟုတ် ရာဇဝတ်မှုများ ကျူးလွန်ထားသူ၊ တရားမဝင် ရွှေ့ပြောင်းရောက်ရှိသူ နိုင်ငံခြားသားများကို ဥပဒေကြောင်းအရ ပြည်နှင်မှုများကို ပြုလုပ်လေ့ရှိရာ အမေရိကန်မှ ပြည်နှင်လိုက်သူနှစ်ဦးအား တာဝန်ရှိသူများက ကြိုဆိုစောင့်ရှောက်ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်လည်း ဖြစ်သည်။

လတ်တလောတွင် အမေရိကန်အစိုးရသစ်၏ ဦးစားပေးမူဝါဒများအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို ပြည်နှင်လျက်ရှိပြီး ထိုသို့ဥပဒေငြိစွန်းသူများအား သက်ဆိုင်ရာနိုင်ငံစုံသို့ ပြည်နှင်ရာတွင် မြန်မာနိုင်ငံသို့ ပြည်နှင်သူများနှင့်ပတ်သက်၍ အမေရိကန်အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ကာ ၎င်းတို့အား စိစစ်လက်ခံရေး ဆောင်ရွက်လျက်ရှိရာ ပထမအသုတ်နှစ်ဦးမှာ မတ် ၁၉ ရက်နှင့် မတ် ၂၈ ရက်တို့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ သီးခြားစီ ရောက်ရှိမည် ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံသားများအနေဖြင့် ပြည်ပသို့ တရားဝင်လမ်းကြောင်းမှသာ ထွက်ခွာကြရန်နှင့် ရောက်ရှိရာနိုင်ငံတိုင်းတွင် သက်ဆိုင်ရာ ပြည်တွင်းဥပဒေများကို လိုက်နာကြရန်လိုအပ်ပြီး အမိနိုင်ငံအတွင်း၌ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း ယခုပြည်နှင်ခံရမှုများက သက်သေပြလျက်ရှိကြောင်း အသိပေးထားသည်။
