
၂၂.၃.၂၀၂၅
Translated by Htwe Ko Tun
တူရကီနိုင်ငံမှာ ဆန္ဒပြမှုတွေက မတ်လ ၂၁ ရက်မှာ တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့ရာမှာ မြို့တော် အစ္စတန်ဘူလ်ရဲ့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ အဆောက်အအုံရှေ့မှာရှိတဲ့ Sarachane ပန်းခြံအတွင်းမှာ လူ ၂၁၀,၀၀၀ ခန့်စုရုံးရောက်ရှိပြီး ဆန္ဒပြမှုပြုခဲ့ကြတယ်လို့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ Republican People’s Party(CHP) ခေါင်းဆောင် အော့ဇ်ဂါ အိုဇယ်လ်က ပြောခဲ့ပါတယ်။


ဆန္ဒပြမှုတွေဖြစ်ပွားရတာရဲ့ အကြောင်းကတော့ CHP ပါတီမှပဲဖြစ်တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် အက်ကရင်း အီမန်မော့ဂ်လူ (Ekrem Imamoglu) ကို အကျင့်ပျက်ခြစားမှုနဲ့အကြမ်းဖက်အုပ်စုတွေကို ထောက်ပံ့မှုစွဲချက်တွေနဲ့ ရဲတပ်ဖွဲ့က မတ်လ ၁၉ ရက်မှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် စတင်ခဲ့တာပါ။ ဒီလိုဖမ်းဆီးတာကလည်း သူ့ကို ၂၀၂၈ ခုနှစ်ရွေးကောက်ပွဲအတွက် သမ္မတလောင်းတစ်ဦးအဖြစ် ရွေးချယ်ခြင်း မပြုမီမှာဖြစ်ပြီး သူက ရွေးကောက်ပွဲမှာ သမ္မတ အာဒိုဂန်ရဲ့အားအကောင်းဆုံး ယှဉ်ပြိုင်ဘက်အဖြစ် သိထားကြပါတယ်။
တူရကီအစိုးရက လူ ၁၀၀ ကျော်လောက်ဖမ်းဆီးခဲ့တာလို့သိရပြီး တခြားနိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ကြပါတယ်။
ဆန္ဒပြမှုပထမညဖြစ်တဲ့ မတ်လ ၁၉ ရက် လူ ၁၂၀,၀၀၀ လောက် စုဝေးခဲ့ကြပါတယ်။ ဒုတိယညမှာတော့ လူ ၁၆၀,၀၀၀ လောက် စုဝေးဆန္ဒပြခဲ့ကြပြီး တတိယညမှာတော့ လူနှစ်သိန်းကျော်ပါဝင်လာတာပါ။ စုဝေးချီတက်ပွဲတွေကို အန်ကာရာနဲ့ တခြားမြို့ကြီးတွေမှာပါ ပြုလုပ်လာကြပြီး ဆန္ဒပြသမားတွေက ဖမ်းဆီးခံထားရတဲ့ မြို့တော်ဝန် အက်ကရင်း အီမန် မော့ဂ်လူကို ထောက်ခံဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

ဆန္ဒပြသမားတွေက သာမန်အားဖြင့် ငြိမ်းချမ်းစွာလှည့်လည်ဆန္ဒပြကြပေမယ့် ရဲတပ်ဖွဲ့က အစ္စတန်ဘူလ်နဲ့ အစ်ဇ်မားမြို့တွေမှာ မျက်ရည်ယိုဗုံး၊ ရေအမြောက်တွေနဲ့ တိုက်ခိုက်ကာ ရန်လိုတဲ့ဆန္ဒပြသမားတွေကို ဖမ်းဆီးမှုတွေပြုခဲ့ပြီးနောက် တိုက်ခိုက်မှုတချို့ဖြစ်ခဲ့ရပါတယ်။
သမ္မတ ရီဆက် တေရစ် အာဒိုဂန်ကတော့ အတိုက်အခံခေါင်းဆောင်တချို့ကို ဖမ်းဆီးအပြီးမှာ တူရကီနိုင်ငံအတွင်း ဆန္ဒပြမှုတွေကို ရှုတ်ချခဲ့ပြီး သူ့ရဲ့အစိုးရအနေနဲ့ အဖျက်အမှောင့်လုပ်ငန်းတွေ၊ လမ်းပေါ်အကြမ်းဖက်မှုတွေလုပ်နေတဲ့ ဆန္ဒပြသမားတွေကို အရှုံးပေးအညံ့ခံမှာမဟုတ်ဘူးလို့ မတ်လ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးက မတ်လ ၂၀ ရက်အထိ ဆန္ဒပြမှုတွေမှာ ဖမ်းဆီးထားတာ ၅၃ ဦးရှိပြီလို့ ပြောခဲ့ပါတယ်။
Ref-Tass News