
တရုတ်အစိုးရက Typhon ဒုံးပျံစနစ်တွေ ဖိလစ်ပိုင်မှာတည်ရှိလာတာကို ကန့်ကွက်
၂၂.၃.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရအဖွဲ့က ရာထူးအမြင့်မားဆုံးပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်သ်ဟာ မတ်လကုန်ပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို အလည်အပတ်လာရောက်လိမ့်မယ်လို့ ဖိလစ်ပိုင်စစ်ဘက်အဆင့်မြင့် အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မိုက်ကယ်လိုဂျီကိုက မတ်လ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။ လိုဂျီကိုက ဟက်ဆက်သ်ဟာ မတ်လ ၂၈ ရက်မှာ လာရောက်လည်ပတ်မှာလို့လည်း ထပ်မံအတည်ပြုခဲ့ပါတယ်။
ဟက်ဆက်သ်ရဲ့ အလည်ခရီးက အာရှ-ပစိဖိတ်ဒေသအတွင်း တင်းမာမှုတွေမြင့်တက်နေတဲ့ကြားက အမေရိကန်အစိုးရရဲ့မဟာမိတ်တွေနဲ့ ဆက်ဆံရေးခိုင်မာဖို့ အားထုတ်ချက်တစ်ရပ်လို့လည်း မြင်ရပါတယ်။ ဒီအတွက် အမေရိကန်နဲ့ဖိလစ်ပိုင်တပ်တွေဟာ ဧပြီလ ၂၁ ရက်မှ မေလ ၉ ရက်ထိ နှစ်စဉ် ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ Balikatan အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကို ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။


ဒီနှစ်မှာတော့ ဩစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ ကနေဒါ၊ တောင်ကိုရီးယားနဲ့ဗြိတိန်တို့က တပ်ဖွဲ့ဝင်တွေပါ ပါဝင်မှာဖြစ်ပြီး စုစုပေါင်းအင်အား ၁၆,၀၀၀ ရှိမယ်လို့ သိရပါတယ်။
ဒါ့ပြင် လိုဂျီကိုက ဒီနှစ် Balikatan စစ်ရေးလေ့ကျင့်မှုမှာတော့ အမေရိကန်နိုင်ငံလုပ် တာလတ်ပစ် Typhon ဒုံးပျံစနစ်လည်း ပါဝင်လာနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။Typhon ဒုံးပျံစနစ်က ဖိလစ်ပိုင်နိုင်ငံကနေ တရုတ်ကမ်းရိုးတန်းနယ်မြေတွေထိ ပစ်နိုင်တဲ့ တာလတ်ပစ်ဒုံးကျည်တစ်မျိုးပါ။ ဟက်ဆက်သ်ရဲ့ ခရီးစဉ်က အမေရိကန်အစိုးရအနေနဲ့ ဒီစစ်ရေးလေ့ကျင့်မှုအပေါ် အထူးစိတ်ဝင်စားမှုရှိတယ်ဆိုတာ ပြတာပဲလို့လည်း လိုဂျီကိုက ပြောခဲ့ပါတယ်။
အမေရိကန်က Typhon ဒုံးပျံစနစ်ကို ဖိလစ်ပိုင်နိုင်ငံ၊ လူဇုန်ကျွန်းမြောက်ပိုင်းမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းမှာစတင်နေရာချခဲ့တာပါ။ အမေရိကန်အနေနဲ့ ဒီလိုရွှေ့ပြောင်းနိုင်တဲ့ ဒုံးပျံစနစ်ပလက်ဖောင်းတစ်ခုကို ဖိလစ်ပိုင်နိုင်ငံမြေပေါ်မှာ တပ်ချခဲ့တာလည်း ပထမဆုံးအကြိမ်ပါ။
Typhon ဒုံးပျံစနစ်က Standard Missile 6 ဒုံးပျံနဲ့ တိုမာဟော့ခ်(Tomahawk) မြေပြင်တိုက်ခိုက်ရေးဒုံးပျံ နှစ်မျိုးစလုံးကို ပစ်လွှတ်နိုင်ပါတယ်။ တိုမာဟော့ခ်ဒုံးပျံက ကီလိုမီတာ ၁၆၀၀ အထိသွားနိုင်ပြီး တိုင်ဝမ်ရေလက်ကြားနဲ့ တရုတ်ကမ်းရိုးတန်းမှာရှိတဲ့ မဟာဗျူဟာမြောက်နေရာတွေကို ပစ်လွှတ် တိုက်ခိုက်နိုင်စွမ်းရှိမှာပါ။
ဒါကြောင့်လည်း တရုတ်အစိုးရက Typhon ဒုံးပျံစနစ် တွေ ဖိလစ်ပိုင်မှာတည်ရှိလာတာကို ကန့်ကွက်လာခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်အစိုးရအနေနဲ့ ဒီဒုံးပျံစနစ်တွေ နိုင်ငံအတွင်း တပ်ချထားမှုကို အမြန်ပြန်လည်ထုတ်ပေးဖို့လည်း တောင်းဆိုထားတာပါ။
ကာကွယ်ရေးနဲ့ လုံခြုံရေးအကဲဖြတ်လေ့လာသူ ချက်စတာ ကာဘာလ်ဇါ(Chesta Cabalza) ကတော့ အခုလို Typhon ဒုံးပျံစနစ် တွေ ဖိလစ်ပိုင်မှာ တပ်ချလာတာက အမေရိကန်နဲ့ ဖိလစ်ပိုင်အကြား ကာကွယ်ရေးဆိုင်ရာမဟာမိတ်အဖြစ်တည်ရှိမှုရဲ့ ပြယုဂ်ကို သေနတ်တစ်ချက်မှ မဖောက်ဘဲပြတာပဲလို့ ပြောခဲ့ပါတယ်။
Ref- SCMP