
၂၂. ၃. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု (Sanction) ပြုလုပ်ကာ ဖိအားပေးခြင်းမျိုးက မည်သို့မျှ အောင်မြင်နိုင်မည် မဟုတ်ကြောင်းနှင့် စီးပွားရေးပိတ်ဆို့မှုအပေါ် ကျော်လွှားနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်အနားတွင် ပြောကြားသည်။
စီးပွားရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု (Sanction) ပြုလုပ်သည့်အတွက်ကြောင့် အနည်းငယ်အခက်အခဲရှိခဲ့ကြောင်း၊ သို့သော်လည်း Sanction ပြုလုပ်ခံရသည့်နိုင်ငံများ ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် အုပ်စုများဖွဲ့လာပါက Sanction ပြုလုပ်သည့် နိုင်ငံများကိုပင် ပြိုင်ဘက်များအဖြစ် ရင်ဆိုင်မှုကိုပါ ကြုံတွေ့လာနိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“သူတို့ရဲ့ခက်ခဲကျော်လွှားဖို့အတွက် အုပ်စုတွေဖွဲ့လာရင် ပြိုင်ဘက်တွေဖြစ်လာလိမ့်မယ်။ ပြိုင်ဘက်တွေဖြစ်လာခဲ့ရင် ပိုဆိုးမှာဖြစ်တယ်။ ဒါက စီးပွားရေးပိတ်ဆို့ပြီးတော့မှ ကျွန်တော်တို့ပေါ်မှာ ဖိအားပေးတာမျိုးကတော့ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ အခုလည်း ကျွန်တော်တို့ပေါ်မှာ Sanction လုပ်ထားတာ ကျွန်တော်တို့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ကျော်လွှားနေကြတာပေါ့။ ဖြေရှင်းလို့ရနေတာ။ အခက်အခဲတော့ရှိတာအမှန်ပါ။ သို့သော်လည်းပဲ ဖြေရှင်းလို့ရတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု (Sanction) ပြုလုပ်ထားမှုအပေါ် ကျော်လွှားနိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုးစားအားထုတ်မှုလိုအပ်သလို တစ်ဖက်တွင်လည်း နိုင်ငံရေးနည်းလမ်းများအရ အဆိုပါကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။