
MT News
၂၂. ၃. ၂၀၂၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားပစ္စည်းများ ထုတ်လုပ်သည့် ဗီယက်နမ်ကုမ္ပဏီ Dong Luc Joint Stock Company တို့ စပွန်ဆာစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။





အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Tran Quoc Tuan, Dong Luc Joint Stock Company မှ Chairman Mr. Le Van Thanh, Jogarbola Japan မှ ဥက္ကဋ္ဌ Mr.Sakaguchi Kenji၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၊ စပွန်ဆာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် Jogarbola Japan မှ ဥက္ကဋ္ဌ Mr.Sakaguchi Kenji တို့က ကြိုဆိုနှုတ်ခွန်းဆက်နှင့် အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Dong Luc Joint Stock Company တို့ နှစ်ဖက်သဘောတူ စာချုပ်လက်မှတ်ရေးထိုးသည့် အစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနှင့် Dong Luc Joint Stock Company မှ Deputy General Director Mrs. Le Vu Hong Nhung တို့ စပွန်ဆာစာချုပ်တွင် လက်မှတ်ထိုးခဲ့ကာ အသိသက်သေများအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စောဦး၊ အထွေထွေအတွင်းရေးမှုး ဦးထွန်းထွန်းအောင်၊ တွဲဖက်အထွေထွေအတွင်းရေးမှုးဦးစည်သူဝင်း၊ Dong Luc Joint Stock Company မှ Chairman Mr. Le Van Thanh, Regional Sales Director Mr. Nguyen Tuan Anh Vu, Jogarbola မှ Chairman Mr. Sakaguchi Kenji တို့က ဆောင်ရွက်ခဲ့ကြသည်။



ထို့နောက် မြန်မာ့လက်ရွေးစင် ကစားသမားများက Jogarbola အမှတ်တံဆိပ် Jersey များနှင့် Dong Luc အမှတ်တံဆိပ်ဘောလုံးများကို မိတ်ဆက်ပြသခဲ့ကြသည်။ Dong Luc Joint Stock Company သည် အားကစားပစ္စည်းများကို ထုတ်လုပ်သော ဗီယက်နမ်ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
စာချုပ်အရ Dong Luc Joint Stock Company ၏ Jogarbola အမှတ်တံဆိပ်သည် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများ၏ တရားဝင် ဝတ်စုံစပွန်ဆာ ဖြစ်လာမည်ဖြစ်ပြီး၊ နိုင်ငံတကာ ပြိုင်ပွဲများအတွက် မြန်မာ့လက်ရွေးစင်အသင်းများကို အားကစားဝတ်စုံနှင့် ပစ္စည်းများ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး စာချုပ်ပါ သဘောတူညီမှုအရ အမျိုးသားလက်ရွေးစင်အသင်းနှင့် အမျိုးသမီး လက်ရွေးစင် အသင်းများအပြင် သက်တမ်းအလိုက် လက်ရွေးစင်အသင်းများနှင့် ဖူဆယ်လက်ရွေးစင် အသင်းများအတွက် အားကစားဝတ်စုံ၊ လေ့ကျင့်ရေးဝတ်စုံ၊ ခရီးသွားဝတ်စုံ၊ အားကစား အနွေးထည်၊ မိုးကာ၊ အားကစားနှင့်ဆက်စပ် ဝတ်စုံများ၊ ရှူးဖိနပ်၊ အားက စားအိတ်၊ ဘောလုံးနှင့် ဘောလုံးပစ္စည်းများ ပံ့ပိုးပေးမည် ဖြစ်သည်။