
၂၂.၃. ၂၀၂၅
Translated by Thettant
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဟာ အမေရိကန်ပြည်ထောင်စုမှာ လာမယ့်ဆယ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလျံ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ ကတိပြုထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ UAE အကြီးအကဲတွေ တွေ့ဆုံအပြီးမှာ အိမ်ဖြူတော်က အတည်ပြု ထုတ်ပြန်လာပါတယ်။
အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အရ၊ UAE ဟာ အမေရိကန်စီးပွားရေးမှာ AI အခြေခံအဆောက်အအုံတွေ၊ ဆီမီးကွန်ဒတ်တာတွေ၊ စွမ်းအင်နဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုကို သိသိသာသာ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်က UAE ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ၁ ဒသမ ၄ ထရီလျံဒေါ်လာရောက်အောင် ဘယ်လိုမြုပ်နှံမယ်ဆိုတာကိုတော့ အတိအကျဖော်ပြလာမှုမရှိဘဲ ဒီမြှုပ်နှံမှုတွေထဲ အရင်က သဘောတူညီချက်တွေလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။
ကုန်ခမ်းနိုင်တဲ့ သဘာဝအရင်းအမြစ် ရေနံဝင်ငွေကနေ ကွဲပြားခြားနားတဲ့ ဝင်ငွေတစ်ရပ်ရအောင် ကြံဆောင်နေတဲ့ UAE ဟာ အမေရိကန်မှာ ၃၅ နှစ်တာကာလအတွင်း ပထမဆုံးသော အလူမီနီယမ်အရည်ကျိုစက်ရုံအသစ် တည်ဆောက်ဖို့လည်း Emirates Global Aluminium (EGA) က ကြိုးပမ်းနေပြီး ဒီ ရင်းနှီးမြှုပ်နှံမှုက လုံးဝအသစ်ဖြစ်တဲ့ သဘောတူညီချက်တစ်ခုဖြစ်တယ်လို့ အိမ်ဖြူတော်က ဖော်ပြခဲ့သလို ဒီစက်ရုံဟာ အမေရိကန်ရဲ့ ပြည်တွင်းအလူမီနီယမ်ထုတ်လုပ်မှုကို နှစ်ဆနီးပါးတိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။
ကမ္ဘာ့အမြင့်ဆုံးရေနံထုတ်လုပ်တဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ UAE ဟာ အမေရိကန်ရဲ့ ရေရှည်လုံခြုံရေးမိတ်ဖက်ဖြစ်ပြီး ဝါရှင်တန်နဲ့ ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို နက်ရှိုင်းစေဖို့ ရည်ရွယ်နေသလို UAE ဟာ AI ကဏ္ဍမှာ ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာဖို့နဲ့ စွမ်းအင်ကဝင်ငွေကို စီးပွားရေးကဏ္ဍမျိုးစုံမှာ ဖြန့်ကြက်ဖို့လည်း အားထုတ်နေပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ UAE သမ္မတ Sheikh Mohamed bin Zayed Al Nahyan သည် အမေရိကန်သမ္မတဟောင်း Joe Biden တွေ့ဆုံခဲ့တာက UAE သမ္မတတစ်ဦးရဲ့ ပထမဆုံးသော အိမ်ဖြူတော် ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ ခေါင်းဆောင်နှစ်ဦးဟာ AI၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အာကာသစူးစမ်းလေ့လာရေးကဏ္ဍတွေမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ကြပါတယ်။
သမ္မတ ထရမ့်ပ်က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဆော်ဒီအာရေဗျကို အမေရိကန်စီးပွားရေးမှာ ၄ နှစ်အတွင်း ဒေါ်လာ ၁ ထရီလျံကျော် ရင်းနှီးမြှုပ်နှံဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။ ဒီရင်းနှီးမြှုပ်နှံမှုမှာ စစ်ရေးပစ္စည်းတွေ ဝယ်ယူတာလည်း ပါဝင်ပြီး ထရမ့်ပ်က ဒီလအတွင်း ဒါမှမဟုတ် လာမယ့်လအတွင်း သူရဲ့ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျကို သွားရောက်ကာ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ်လို့ ပြောကြားထားပါတယ်။
ဒီသဘောတူညီချက်က ဆော်ဒီအာရေဗျအတွက် အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ ပိုမိုထင်ရှားတဲ့အခန်းကဏ္ဍက ပါဝင်လာတဲ့အချိန်ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ အာရပ်ကမ္ဘာမှာ အကြီးဆုံးစီးပွားရေးကိုပိုင်ဆိုင်ထားတဲ့ ဆော်ဒီအာရေဗျဟာ လာမယ့်ရက်ပိုင်းမှာ အမေရိကန်နဲ့ရုရှားတို့ ပါဝင်တဲ့ ယူကရိန်းစစ်ပွဲရေးရာကိစ္စရပ်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာလည်း ဖြစ်ပါတယ်။
Ref, Reuters