
၂၂.၃.၂၀၂၅.
Translated by Htwe Ko Tun
ကမ္ဘာ့ဟဲဗီးဝိတ်တန်းမှာ လူသိများလှတဲ့ အကျော်ဇေယျ လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဂျော့ဂျ်ဖိုမန်ဟာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟော့စတန်မြို့ရှိ ဆေးရုံတစ်ရုံမှာ မတ်လ ၂၁ ရက် ညက ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ Instagram လူမှုကွန်ရက်မှာ သူ့ရဲ့ မိသားစုကတင်ခဲ့တဲ့ ပို့စ်တစ်ခုကဖော်ပြခဲ့ပါတယ်။

လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ Big George လို့ နာမည်ကြီးခဲ့တဲ့ ဂျော့ဂျ်ဖိုမန်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကစလို့ ဆယ်စုနှစ်တွေနဲ့ချီလို့ ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ခဲ့တာပါ။ အိုလံပစ်ရွှေတံဆိပ်တွေနဲ့ ကမ္ဘာ့ဟဲဗီး ဝိတ်တန်းချန်ပီယံဘွဲ့ကို နှစ်ကြိမ်အပါအဝင် ဆုခါးပတ်များစွာလည်း ရရှိခဲ့ပါတယ်။
သူက ကြေးစားလက်ဝှေ့ကျော်အဖြစ်ကို မကူးပြောင်းမီ အသက် ၁၉ နှစ်အရွယ်မှာပဲ မက္ကဆီကိုစီတီးမှာ ကျင်းပတဲ့ ၁၉၆၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ ဟဲဗီးဝိတ်တန်း ရွှေတံဆိပ်ဆုကို စတင်ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ ဂျော့ဂျ်ဖိုမန်က ရှုံးပွဲမရှိ ဆက်တိုက်နိုင်ပွဲ ၃၇ ပွဲ ရရှိခဲ့တာပါ။

ဂျော့ဂျ်ဖိုမန်က ကမ္ဘာ့ဟဲဗီး ဝိတ်တန်းချန်ပီယံဘွဲ့ကို ၁၉၇၃ ခုနှစ်မှာ ပထမဆုံးရရှိခဲ့ပါတယ်၊ ဒါပေမယ့် ၁၉၇၄ ခုနှစ်မှာ လက်ဝှေ့ကျော် မိုဟာမက်အလီနဲ့ပွဲမှာ ရှုံးနိမ့်လို့ ချန်ပီယံဘွဲ့ကို သူစွန့်လွှတ်ခဲ့ရပါတယ်။ တစ်ခါ အသက် ၄၅ နှစ်အရွယ် ၁၉၉၄ ခုနှစ်မှာ ကမ္ဘာ့ဟဲဗီး ဝိတ်တန်းချန်ပီယံဘွဲ့ကို သူက ထပ်မံရခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်မှာတော့ သူက အားကစားလောကကို စွန့်ခွာခဲ့တာပါ။
ဂျော့ဂျ်ဖိုမန်က ဟဲဗီးဝိတ်လက်ဝှေ့ကျော်အနေနဲ့ ထိုးသတ်ခဲ့ရသမျှမှာ ၇၆ ပွဲနိုင်ခဲ့ပြီး ၆၈ ပွဲကိုတော့ အလဲ ထိုးအနိုင်ယူခဲ့တာပါ။ ငါးပွဲကိုတော့ ရှုံးနိမ့်ခဲ့တယ်လို့သိရပါတယ်။
Ref, bbc