၁၉. ၁. ၂၀၂၃
Written by Nay Aung
မြန်မာ့တပ်မတော်အနေဖြင့် နောက်ပြန်ဆုတ်ရန်စဉ်းစားသင့်ပြီး ပိတ်ဆို့မှုများနှင့် ပြည်တွင်းပဋိပက္ခဆိုးရွားမှုကြောင့် စီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်နေရသော နိုင်ငံကို အရည်ချင်းပြည့်မီသောခေါင်းဆောင်များ ပါဝင်အုပ်ချုပ်ခွင့်ပေးသင့်ကြောင်းအင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုနှင့် ရေကြောင်းရေးရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးကတိုက်တွန်းပြောဆိုလိုက်သည်။
မြန်မာ့တပ်မတော်ခေါင်းဆောင်များအနေဖြင့် ဆယ်စုနှစ်နှင့်ချီပြီး အစိုးရ၏ ကဏ္ဍအားလုံးနှင့် လုပ်ငန်းများကို ထိန်းချုပ်လုပ်ကိုင်ခဲ့မှုမှ တဖြည်းဖြည်းနောက်ပြန်ဆုတ်သွားခဲ့သော အင်ဒိုနီးရှားနိုင်ငံကို နမူနာယူသင့်ကြောင်း အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံ့မှုနှင့် ရေကြောင်းရေးရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးLuhut Panjaitanက တိုက်တွန်းပြောဆိုခဲ့သည်။
၎င်းက” အစိုးရအဖွဲ့ထဲမှာ တပ်ကသူတွေအများကြီးပါဝင်နေတယ်။ အဲဒီလူတွေဟာ အရည်အချင်းပြည့်ဝကောင်းမွန်မှုမရှိဘူးဆိုရင် ဘာကြောင့် သမ္မတဖြစ်ရမှာလဲ။ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာလည်း အရည်အချင်းပြည့်မီတဲ့သူတွေကို နိုင်ငံကို စီမံခန့်ခွဲခွင့်ပေးသင့်တယ်” ဟုဆိုသည်။
အင်ဒိုနီးရှားတပ်မတော်တွင် ၂၀၀၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော Luhut Panjaitan သည် ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော ကမ္ဘာစီးပွားရေးဖိုရမ်တွင် ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းသည် အင်ဒိုနီးရှားတပ်မတော်က အနားယူခဲ့ပြီးနောက် အင်ဒိုနီးရှားအစိုးရအဖွဲ့အတွင် ဝန်ကြီးတာဝန်များရယူခဲ့ဖူးပြီးလက်ရှိအချိန်တွင် အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံ့မှုနှင့် ရေကြောင်းရေးရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် တာဝန်ယူနေကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၆၆ ခုနှစ်က နိုင်ငံ၏ပထမဆုံးသမ္မတထံမှ အာဏသိမ်းခဲ့ကာ နိုင်ငံကို နှစ်ပေါင်းများစွာကြာအုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး ဆူဟာတိုသည် ၁၉၉၈ ခုနှစ်တွင် ရာထူးမှ ဖြုတ်ချခံရပြီးနောက် အင်ဒိုနီးရှားနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့သည်။
ဆူဟာတိုသည် အင်ဒိုနိးရှားနိုင်ငံကို နှစ်ပေါင်း ၃၀ ကျော်ကြာအုပ်ချုပ်ခဲ့ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။ ဗိုလ်ချုပ် Luhut Panjaitan ကဲ့သိုသော စစ်ခေါင်းဆောင်ဟောင်းများသည် အင်ဒိုနီးရှားနိုင်ငံ၏ အောင်မြင်သောအစိုးရအဖွဲ့အတွင်း ရာထူးတာဝန်များ ရယူခဲ့ကြောင်းသိရသည်။
အင်ဒိုနီးရှားသည် ယခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည်ဖြစ်ရာ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်မစွက်ရဆိုသော အာဆီယံ၏အခြေခံမှုများကို လိုက်နာရဖွယ်ရှိနေသလို နစက ခေါင်းဆောင်များနှင့်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သင့်ကြောင်း ၎င်းကပြောသည်။
အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitanက ” ဒီနှစ် ဒါမှမဟုတ် နောက်နှစ်မှာ မြန်မာနိုင်ငံဟာ သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကို ဖြေရှင်းနိုင်ဖွယ်ရှိတယ်လို့ထင်ပါတယ်” ဟုဆိုသည်။
ref straite times