
လူဦးရေ ၄ ဘီလျံနီးပါးရှိသော နိုင်ငံများ၏ဆုံချက် ပထဝီအနေအထားကို အသုံးချနိုင်လျှင်ပင် မြန်မာ့စီးပွားရေးအတွက် အကျိုးရှိလာမည်ဟုပါ ပြော
၂၂. ၃. ၂၀၂၅
Written by Nyein Kyaw
လက်ရှိတွင် မြန်မာနိုင်ငံ၏ GDP သည် ဒေါ်လာဘီလျံ ၆၀ မှ ၇၀ ကြားရှိသေး၍ လာမည့်နှစ်တွင် ဒေါ်လာ ၈၁ ဘီလျံအထိ မျှော်မှန်းဆောင်ရွက်နေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာနည်းသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ပြုလုပ်သည့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်အနား၌ ပြောကြားသည်။



ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် လူဦးရေ ၄ ဘီလျံနီးပါးရှိသော အိန္ဒိယအပါအဝင် တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ ဆုံချက်တစ်ခုဖြစ်ခြင်းကြောင့် ယင်းနိုင်ငံများ လိုအပ်သည့် စားဝတ်နေရေးနှင့် စားနပ်ရိက္ခာဖူလုံအောင် ဆောင်ရွက်ပေးနိုင်လျှင်ပင် စီးပွားရေးအတွက် အကျိုးရှိလာစေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“ဒါကြောင့်မို့ ပထဝီအနေအထားအရ ကြည့်လိုက်ရင်ပဲ ကျွန်တော်တို့နိုင်ငံကနေ အဲဒီနိုင်ငံတွေအတွက် စားနပ်ရိက္ခာဖူလုံအောင် ဆောင်ရွက်ပေးနိုင်မယ်။ ကုန်စည်စီးဆင်းမှုတွေ ဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံဟာ ဘယ်လိုပဲဖြစ်ဖြစ် အလွဲမသွေအကျိုးရှိလာမယ်ဆိုတာလေး တွေ့ပါတယ်။ ကုန်စည်စီးဆင်းမှုများလာလို့ရှိရင်တော့ အသွားအလာများလာရင်တော့ ခရီးသွားလုပ်ငန်းတွေပါ ကျွန်တော်တို့ ပိုများလာမယ့်သဘောရှိတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။



ယင်းအခြေအနေများရှိသော်လည်း မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုတန်ဖိုးစုစုပေါင်း (GDP) သည် လက်ရှိတွင် ဒေါ်လာဘီလျံ ၆၀ မှ ၇၀ ကြားသာရှိနေသေးသည့်အတွက် လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ GDP အား ဒေါ်လာ ၈၁ ဘီလျံအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ GDP က ဘီလျံ ၆၀ နဲ့ ၇၀ ကြားလောက်မှာ ရှိပါတယ်။ လာမယ့်နှစ် ၂၀၂၆ ပေါ့။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာတော့ ၈၁ ဘီလျံလောက်ထိ မျှော်မှန်းပြီးလုပ်နေပါတယ်။ ဒါပေမဲ့ အိမ်နီးနားချင်းနိုင်ငံတွေကို ကြည့်လိုက်ရင် ထိုင်းနိုင်ငံက ဘီလျံ ၅၀၀ ကျော် GDP ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘီလျံ ၄၀၀ ကျော် GDP ရှိပါတယ်။ GDP ဆိုတာကတော့ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးပေါ်မှာ မူတည်ပြီးတွက်တာဆိုတော့ ဒီနိုင်ငံတွေမှာ စက်မှုလုပ်ငန်းတို့၊ ဝန်ဆောင်မှုရှိလို့ GDP တိုးတက်၊ ကျွန်တော်တို့ထက်သာတယ်လို့ ပြောရင်အငြင်းပွားစရာရှိပါတယ်။ သို့သော်လည်းပဲ လယ်ယာကဏ္ဍကြီးတစ်ခုတည်း နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ထက် အများကြီးအားသာနေတာ ကျွန်တော်တို့တွေ့တယ်။ ဒါက ကျွန်တော်တို့အတွက် တကယ်စိန်ခေါ်မှုပါ” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။



မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကစိုက်ပျိုးသီးနှံ စပါးစိုက်ပျိုးဧက ၁၅ သန်းကျော်ရှိသော်လည်း မိုးစပါး ၁၃ သန်းကျော်နှင့် နွေစပါး ၃ သန်းခန့်သာ စိုက်ပျိုးနေခြင်းဖြစ်ပြီး သီးထပ်စွမ်းအားကို အပြည့်အဝမစိုက်ပျိုးနိုင်သည့်အခြေအနေဖြစ်ကြောင်း၊ ထို့ကြောင့် မိုးစပါး၊ နွေးပါး သီးထပ်စွမ်းအားကိုပင် အပြည့်အဝစိုက်ပျိုးနိုင်မည်ဆိုပါက ထုတ်ကုန်နှစ်ဆမြင့်တက်လာနိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။