



၂၁. ၃. ၂၀၂၅
Written by Tha Doe
ဒီည ကျင်းပနေတဲ့ One – 101 ထိုးသတ်ပွဲမှာ အဲမွီဟာ အစ္စရေးပြိုင်ဘက် အဟာဗက်ဂေါ်ဒွန်ကို အကောင်းဆုံးယှဉ်ထိုးခဲ့ပေမဲ့ ဒိုင်အဆုံးအဖြတ်မှာ ရှုံးခဲ့ရသလို သွေးလင်းထက်ကလည်း ဘောနပ်စ်မရပေမဲ့ သမ္ဘာရင့် ထိုင်းပြိုင်ဘက်ရော်ကီကို Knockdown နှစ်ခါကျအောင် ထိုးနိုင်ခဲ့လို့ ဒိုင်အဆုံးအဖြတ်မှာ အနိုင်ရခဲ့ပါတယ်။
အဲမွီဟာ One ရဲ့ အလားအလာအကောင်းဆုံးလူငယ်ဖိုက်တာ အသက် ၁၈ နှစ်အရွယ် ဂေါ်ဒွန်နဲ့ ရင်ဆိုင်ရာမှာ ပထမအချီတင် အဲမွီ ဖွင့်ထိုးခဲ့သလို ဂေါ်ဒွန်ကလည်း ရှိန်မနေဘဲ ပြန်ဖွင့်ထိုးလို့ ပွဲကကြည့်ကောင်းပြီး နည်းစနစ်သာတဲ့ ဂေါ်ဒွန်တံတောင်ကြောင့် အဲမွီ ကွဲသွားပါတယ်။ ဒုတိယအချီလည်း အဲမွီတို့ အပြိုင် ဆက်ဖွင့်ထိုးတာကြောင့် ပွဲကကြည့်ကောင်းခဲ့သလို အဲမွီသွေးထွက်များနေလို့ ဆရာဝန်က ပွဲရပ်ပြီး စစ်ရပါသေးတယ်။ တတိယအချီမှာ အဲမွီသွေးထွက်လွန်နေပေမဲ့ ဆက်ဖွင့်ထိုးခဲ့ပြီး ဂေါ်ဒွန်ကတော့ ထိချက်မှန်အောင် အမှားစောင့်ထိုးသွားလို့ ကွဲသွားတဲ့ အဲမွီ အသာမရဘဲ ဒိုင်အဆုံးအဖြတ်နဲ့ ဂေါ်ဒွန်က အနိုင်ရသွားပေမဲ့ ပရိသတ်ရဲ့ အသည်းနှလုံးကိုတော့ အဲမွီက ဆွဲယူသိမ်းကျုံးနိုင်ခဲ့ပါတယ်။
အစ္စရေးဖိုက်တာ ဂေါ်ဒွန်ဟာ အသည်းမာလွန်းတဲ့အဲမွီကို ပထမအချီ အကွဲထိုးထားလို့သာ ခံရသက်သာခဲ့တာလို့ ပြောရမှာဖြစ်ပေမဲ့ ဒီပွဲက သူထိုးခဲ့ဖူးသမျှပွဲတွေထဲ သူပြန်အခံရဆုံးပွဲလို့ ဆိုနိုင်သလို နည်းစနစ်နိမ့်တဲ့ အဲမွီရဲ့ အသည်းနဲ့ဇွဲဟာလည်း ကွင်းလုံးမြိုင်အောင် ချီးမွမ်းသံ ညံခဲ့ပါတယ်။






သွေးလင်းထက်ကတော့ သူ့ထက် နှစ်နစ်ကြီးတဲ့ ဝိတ်တူ၊ အရပ်တူပေမဲ့ အတွေ့အကြုံများတဲ့ ထိုင်းဖိုက်တာ ရော်ကီနဲ့ ရင်ဆိုင်ခဲ့ရာမှာ ပထမအချီမှာတင် သွေးလင်းထက်က အမြင့်ကန်ချက်နဲ့စပြီး တိုက်စစ်ဖွင့်ထိုးကြပါတယ်။ ပထမအချီမှာ ထိချက်ထိုးချက်မကွာဘူးလို့ပြောရမှာဖြစ်ပေမဲ့ သွေးလင်းထက်အပိုင်ထိုးတဲ့အလုံးတွေ လွဲချော်နေခဲ့ပါတယ်။ ဒုတိယအချီမှာလည်း ဆက်ဖွင့်ထိုးရာမှာ သွေးလင်းထက်ရဲ့လက်သီးနဲ့ ပတ်တံတောင်ရိုက်ချက်ထိပြီး ရော်ကီဖင်ထိုင်အကျမှာ အမှတ်စဉ် ရေခံလိုက်ရပါတယ်။ အမှတ်စဉ်ရေခံရအပြီးမှာ ရော်ကီကြမ်းလာပြီး တိုက်စစ်အဖွင့်မှာ သွေးလင်းထက် နှစ်ကြိမ်လဲကျပေမဲ့ ရော်ကီလိုချင်တဲ့ KD မရလိုက်ပါဘူး။ တတိယအချီအစမှာလည်း ရော်ကီဟာ သွေးလင်းထက်ရဲ့ နောက်တစ်ကြိတ် ပတ်တံတောင်ရိုက်ချက် ထပ်မိပြီး KD ထပ်ကျလို့ ဒုတိယအကြိမ် အမှတ်စဉ်ရေခံရပြန်ပါတယ်။ KD နှစ်ခါကျ ရော်ကီ သွေးလင်းထက်ကို အလဲထိုးမှ နိုင်တော့မှာမို့ ဘီလူးဆိုင်းကို အကြမ်းဆုံး တီးပေမဲ့ မာလွန်းတဲ့ သွေးလင်းထက်ကို KD ရအောင်မထိုးနိုင်တော့ ပွဲက အကြိတ်အနယ် အပြင်းအထန်နဲ့ အစီအစဉ်ကြေညာသူတွေက သွေးလင်းထက်ကို ချီးကျူးရင်းနဲ့ပဲ ဒိုင်အများစုဆုံးဖြတ်ချက်အရ အနိုင်ရပေမဲ့ ဘောနပ်စ်မရလိုက်ဘဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အဲမွီဟာ ရှုံးပေမဲ့ သွေးရဲပြခဲ့သလို ပြိုင်ဘက်ကိုက ကောင်းလွန်းနေတာကို လက်ခံရမှာဖြစ်ပြီး ရော်ကီဟာလည်း မာဂုဏ်နည်းလို့သာ KD နှစ်ခါအကျနဲ့ ရှုံးပေမဲ့ နည်းစနစ်က သွေးလင်းထက်၊ ထက်သာတာကို လက်ခံရမှာပါ။ One ရဲ့နောက်ပွဲတွေမှာ မြန်မာဖိုက်တာတွေ အခြေမလှချည်းမြင်နေရပြီး တစ်ပွဲထက်တစ်ပွဲ ပိုခက်ခဲသူချည်းတွေ့လာရချိန်မှာ မြန်မာ့ရိုးရာကျားတွေအနေနဲ့ မာဂုဏ်လည်း ဆက်မြှင့်သင့်သလို One စင်မြင်မှာ မာယာကြွယ်ကြွယ် နည်းစနစ်များများနဲ့ ထိုးနိုင်ဖို့လည်း ကြိုးပမ်းချိန်တန်ပြီလို့ပဲ ပြောရပါမယ်။