
MT News
၂၁. ၃. ၂၀၂၅
ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေနှင့်မညီသော မလိုလားအပ်သည့် ငွေကြေး မသမာမှုများကြောင့် စုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းအချို့၌ အခက်အခဲ အကျပ်အတည်း ဖြစ်ပေါ်လာကာ အဆိုပါ နိစ္စဒူဝ ပြဿနာကိုလည်း ဖြေရှင်းနေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့်နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်၌ အင်အားတောင့် တင်းရန် လိုကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်းထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ စတင်အာဏာတည်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်း ထားရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးကာ ခန့်အပ်တာဝန်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အချို့သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့်အတွက် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေနှင့်မညီသော မလိုလားအပ်သည့် ငွေကြေး မသမာမှု များကြောင့် စုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းအချို့၌ အခက်အခဲ အကြပ်အတည်း ဖြစ်ပေါ်လာကာ အဆိုပါနိစ္စဒူဝ ပြဿနာကိုလည်း ဖြေရှင်းနေရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
ထို့ကြောင့် မိမိတို့တပ်မတော်သားများအနေဖြင့် ပြည်သူ့စစ်မှုထမ်းနှင့် ပတ်သက်၍အဆင့်ဆင့် သော ဆင့်ခေါ်ရေးအဖွဲ့များ၏ မှားယွင်းသော လုပ်ဆောင်မှုများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ အသိပေး တင်ပြဆောင်ရွက်ပေးကြရန်လိုကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာကြားသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူစားထိုးလဲလှယ်ပေးမည်ဟုဆိုကာ ငွေ တောင်းခံခဲ့သည့် ဖြစ်စဥ်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရွှေဘိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဥ်တွင် မြို့နယ်ရဲမှူးအပါအဝင် ၄ ဦးကို အရေးယူခဲ့ရပြီး စစ်မှုထမ်းစုဆောင်းခံရသည့် ရွှေဘိုမြို့နေ မောင်ကျော်မင်းခန့် မိသားစုထံမှ တောင်းယူသည့် ကျပ်သိန်း ၁၃၀ ကို ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သူ သန်းစိုးထိုက်က ၅၀ သိန်း စသည်ဖြင့် အသီးသီးခွဲယူခဲ့၍ ထိုငွေကျပ်သိန်း ၁၃၀ ကို မောင်ကျော်မင်းခန့်မိသားစုထံ ပြန်လည်ပေးအပ်ပြီး ကျူးလွန်သူလေးဦးကို အရေးယူခဲ့ရသည်။