
၂၁. ၃. ၂၀၂၅
Written by Thettant
တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA နယ်မြေလုယက် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
MNDAA ဟာ အပစ်အခတ်ရပ်စဲပါ့မယ်လို့ တရုတ်ကိုလိမ်ညာစာထုတ်ပြအပြီးမှာ လားရှိုးမြို့ကို လူရာချီသတ်ဖြတ် သိမ်းယူခဲ့သလို မန္တလေးဘက်ကို စစ်ရေးလှုပ်ရှားမှု အသံပြုလာချိန် တရုတ်နိုင်ငံဘက်က MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်ကို ထိန်းသိမ်းတယ်လို့ အသံထွက်ခဲ့သလို အပစ်အခတ်ရပ်စဲဖို့ ညှိနှိုင်းပွဲတွေ စတင်ခဲ့ပြီး ဖုန်တာ့ရွှင်ကို ပြန်လွှတ်ပေးခဲ့ချိန်မှာ အခုလို တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။





ဒီဆန္ဒပြမှုကို ပြောက်ကြားလှုပ်ရှားမှုသပိတ်လို့ အမည်တပ်ပြီး မနေ့က မတ်လ ၂၀ ရက် ည ၉ နာရီမှာ ပြုလုပ်ခဲ့ကြပြီး တရုတ်နိုင်ငံရဲ့ စွက်ဖက်မှုကို ဆန့်ကျင်တာလို့လည်း MNDAA ထိန်းချုပ်ခံမီဒီယာ ရွှေဖီမြေက သတင်းဖော်ပြပါတယ်။
MNDAA လုံခြုံရေးတင်းကျပ်စွာ ထိန်းချုပ်ထားရာမြို့မှာ တရုတ်သမ္မတကို ဆန္ဒပြမှုကလည်း နေရာအများအပြားလုပ်ခဲ့တာ တွေ့ရပြီး လွတ်လပ်ရေးပန်းခြံ၊ လေယာဉ်ကွင်း၊ ၆၂၆ တပ် နံရံရှေ့၊ ထွေအုပ်ရုံးရှေ့၊ အထက-၈ ကျောင်း၊ ရပ်ကွက် ၅ နဲ့ ဘုရားပွဲတော်တွေမှာ “ကြားဝင်စွတ်ဖက်မှုများ ချက်ချင်းရပ်”၊ ” Shame on You Xi Jinping “၊ ” ပေကျင်းအစိုးရ ဆန့်ကျင်ကြ “၊ ” DON’T SUPRESS ON OUR ethnic brothers”၊ CHINESE GOVERNMENT IS KILLING MYANMAR CIVILIANS” စတဲ့ ပြင်းထန်တဲ့စာသားတွေနဲ့ ဆန္ဒပြခဲ့တယ်လို့လည်း သိရပါတယ်။
MNDAA ရဲ့ တရုတ်ကို ဆန့်ကျင်တဲ့ ဒီဆန္ဒပြမှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်မှာ တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုနဲ့ အပစ်အခတ်ရပ်စဲအပြီး လားရှိုးကနေ MNDAA က ပြန်ဆုတ်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်ရှိကြောင်း သတင်းထွက်ခဲ့သလို မနက်ဖြန်မှာ ပြုလုပ်မဲ့ ဆွေးနွေးပွဲမှာ အပြောင်းအလဲဖြစ်ချင်လို့ လှုပ်ရှားတာလို့လည်း ရွှေဖီမြေက အသံပြုထားပါတယ်။
Ref & Photo – Shwe Phee Myay News Agency