
၂၁. ၃. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရပြီးနောက် ဖမ်းဆီးခံထားရချိန် မုဒိမ်းကျင့်ခံခဲ့ရသဖြင့် ကိုယ်ဝန်ရှိလာခဲ့သည့် နိုင်ငံခြားသား အမျိုးသမီး ၁၂ ဦးက ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူရန် အကူအညီတောင်းခံနေသည်ဟု The Nation Thailand က ယနေ့တွင် သတင်းဖော်ပြလာသည်။
လူကုန်ကူးခံရသူများ ကူညီထောက်ပံ့ရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက် (CSNAHTV) ၏ ပြောကြားချက်အရ အဆိုပါအမျိုးသမီး ၁၂ ဦးအနက် တစ်ဦးသည် ဗုဒ္ဓဟူးနေ့ (မတ်လ ၁၉ ရက်)က ကိုယ်ဝန်ပျက်ကျခဲ့သည်ဟုလည်း သိရသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ လူကုန်ကူးခံရသည့် အီသီယိုပီးယားနိုင်ငံသား ၃၂၀ ခန့်ပါဝင်သည့် အုပ်စုမှဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရမည်ဟု လှည့်စားဖြားယောင်းခံခဲ့ရပြီးနောက် တရုတ်လိမ်လည်မှုကျားဖြန့်ဂိုဏ်းများက ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကရင်ပြည်နယ်ရှိ လိမ်လည်မှုမြို့တော်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသည့် မြဝတီဒေသရှိ Taizhang ဟု ခေါ်ဆိုသောနေရာတွင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများတွင် အလုပ်လုပ်ကိုင်ရန် ဖမ်းဆီးကျွန်ပြုခြင်း ခံခဲ့ရသူများလည်းဖြစ်သည်။

တရုတ်ကျားဖြန့်လိမ်လည်မှုဂိုဏ်းများကို ဖြိုခွင်းရန် တရုတ်နိုင်ငံကပင် ဖိအားပေးလာမှုကြောင့် ဖမ်းဆီးရှင်းလင်းသည့် စစ်ဆင်ရေးများပြုလုပ်ပြီးနောက် လူကုန်ကူး ကျွန်ပြုခံရသည့် ပြည်ပ နိုင်ငံခြားသားများကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) တို့က ကယ်တင်ပေးခဲ့သည်။
ထို့သို့ လုပ်ဆောင်ခဲ့သည့် ဖမ်းဆီးရေးနှင့် ပြန်လည်ပို့ဆောင်သည့် စစ်ဆင်ရေးကာလအတွင်း လူကုန်ကူးခံ နိုင်ငံခြားသား ၆,၅၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သော်လည်း DKBA ၏ ထိန်းသိမ်းရေးစခန်းများတွင် ကျပ်သိပ်စွာနေထိုင်နေကြရမှု ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိနေသည်။

တရုတ်ကျားဖြန့်ဂိုဏ်းများတွင် မုဒိမ်းကျင့်ခံခဲ့ရသဖြင့် ကိုယ်ဝန်ဆောင်ထားရသည့် အမျိုးသမီးများအတွက် လူသားချင်းစာနာမှုဆိုင်ရာ စောင့်ရှောက်မှုပေးရန် CSNAHTV ညှိနှိုင်းရေးမှူး Jay Krittaya က တက်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး Chucheep Pongchai နှင့် ထိုင်းနိုင်ငံ၏ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ စာများပေးပို့ကာ တောင်းဆိုခဲ့သလို ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တုံ့ပြန်သည့်အနေဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ သံရုံးများ သို့မဟုတ် ကောင်စစ်ဝန်ရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနထံ အကူအညီ တောင်းဆိုခဲ့သည်။
ထို့အပြင် ထိုင်းလူ့အခွင့်အရေး ကော်မရှင်က ထိုကိုယ်ဝန်ဆောင်အမျိုးသမီးများ အကူအညီပေးရန် တောင်းခံလာပါက အရေးပေါ်ကျန်းမာရေးကုသမှုများ စီစဉ်ပေးရန် အမျိုးသားလုံခြုံရေးကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနတို့ကိုလည်း တောင်းဆိုခဲ့သည်ဟု သိရသည်။