
၂၁.၃.၂၀၂၅
Written By Zun
မော်လမြိုင်မြို့တွင် နေထိုင်ရာမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သံဖြူဇရပ်မြို့နယ်မှတစ်ဆင့် ခိုးဝင်လာသည့် ကလေးငယ် ၆ ဦး အပါအဝင် မြန်မာနိုင်ငံသား ၂၃ ဦးကို ထိုင်းနိုင်ငံတွင် ယနေ့ မတ်လ ၂၁ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။


ယနေ့ နံနက် ၁ နာရီခွဲအချိန်ခန့်က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာတွင် မသင်္ကာဖွယ် ကားတစ်စီးကို တွေ့ရှိသောကြောင့် တားစီးစစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသူများမှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၃ ဦး၊ ကလေးငယ် ၆ ဦး ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် နေထိုင်ကြသူများ ဖြစ်ကြောင်း၊ ဘုရားသုံးဆူဘက်ကတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် လာရောက်သူများဖြစ်ကြောင်း သိရသည်။



သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ယင်းတို့ကို စစ်ဆေးခဲ့ရာထိုင်းနိုင်ငံ၊ ဘန်ကောက်၊ စမွတ်ဆာခွန်၊ စမွတ်ပရာ ကန်ခရိုင်အတွင်း သွားရောက်အလုပ်လုပ်ကိုင်ရန် လာရောက်ကြခြင်း ဖြစ်ကြောင်း၊ နေရာအနီးအဝေးပေါ်မူတည်၍ တစ်ဦးလျှင် ပွဲစားခ ဘတ်ငွေ ၁၀၀၀၀ က ၁၂၀၀၀ အထိပေးဆောင်ရကြောင်း စစ်ဆေးပေါ်ပေါက်သည်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြထားသည်။
ယခုအခါ အဖမ်းခံရသူများကို ထိန်းသိမ်းထားကာ ထိုင်းနိုင်ငံအတွင်း တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာမှုဖြင့် လ.ဝ.က ဥပဒေအရ အရေးယူရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။