
၂၁.၃.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံအတွင်း ဒါမှမဟုတ် ရုရှားက သိမ်းပိုက်ထားတဲ့နယ်မြေတွေအတွင်းမှာ တရားဝင်အထောက်အထား အဆင့် အတန်းမရှိဘဲ နေထိုင်နေကြတဲ့ ယူကရိန်းနိုင်ငံသားတွေအနေနဲ့ စက်တင်ဘာလ ၁၀ ရက် နောက်ဆုံးထား ထွက်ခွာကြရမှာဖြစ်ပြီး ဆက်လက်နေထိုင်လိုရင် တရားဝင်အဆင့်အတန်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်ဆိုတဲ့ တရားဝင်အမိန့်တစ်ရပ်ကို မတ်လ ၂၀ ရက်မှာ ရုရှားသမ္မတ ပူတင်က လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။
အမိန့်မှာ ရုရှားနိုင်ငံအတွင်းနေထိုင်ပြီး လိုအပ်တဲ့ဥပဒေအခြေခံအချက်တွေနဲ့ မကိုက်ညီတဲ့ ယူကရိန်းနိုင်ငံသားတွေဟာ ရုရှားနိုင်ငံအတွင်းသူတို့ရဲ့ ပိုင်ဆိုင်မှုတွေကနေ ထွက်ခွာကြရန် ဒါမှမဟုတ်ရင်တော့ တရားဝင်အဆင့်အတန်းတွေအတိုင်း ဖြစ်အောင် လိုက်နာဆောင်ရွက်မှုတွေကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၁၀ ရက်ထက် နောက်မကျဘဲ ဆောင်ရွက်ကြဖို့ ဖော်ပြထားပါတယ်။
ရုရှားက ခရိုင်းမီးယားနယ်ကို ၂၀၁၄ ခုနှစ်မှာသိမ်းပိုက်ခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း ၂၀၂၂ ခုနှစ်မှာတော့ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်တက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆန်နဲ့ ဇာပိုရီရစ်ဇီးယားနယ်တွေကို သိမ်းပိုက်ထားနိုင်ပါတယ်။
ဒီအမိန့်က သိမ်းပိုက်ထားတဲ့ဒေသတွေအတွင်း ယူကရိန်းနိုင်ငံသားတွေကို ရုရှားနိုင်ငံကူးလက်မှတ်ကို လက်ခံကြဖို့ ဒါမှမဟုတ် သူတို့ကို သိမ်းပိုက်နယ်မြေတွေက ထွက်ခွာစေကာ ရုရှားနိုင်ငံသားတွေ ဝင်ရောက်နေထိုင်စေဖို့ ရုရှားအစိုးရရဲ့ ဖိအားပေးဆောင်ရွက်မှုလို့ ယူဆရပါတယ်။ ဒီအမိန့်က စက်တင်ဘာလ ၁၀ ရက်နောက်ဆုံးထားပြီး တရားဝင်အဆင့်အတန်းတွေအတိုင်းဖြစ်အောင် လိုက်နာဆောင်ရွက်မယ့် ယူကရိန်း နိုင်ငံသားတွေအတွက်တော့ သက်ဆိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့ပြင် အမိန့်မှာ သိမ်းပိုက်နယ်မြေတွေဖြစ်တဲ့ ဒွန်တက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆန်နဲ့ ဇာပိုရီရစ်ဇီးယားနယ်တို့မှာနေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ နိုင်ငံမဲ့ပြည်သူတွေဟာလည်း ဇွန် ၁၀ ရက်နောက်ဆုံးထားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိမရှိ နဲ့ ကူးစက်တတ်သော ရောဂါပိုးများ ကူးစက်ခံရခြင်း ရှိ မရှိ ဆိုတာဆေး စစ်ဆေးမှု ပြုကြရမယ်လို့ သိရပါတယ်။
Ref- Kyiv Independent